မန္တလေး ၁၈ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် စိုက်ပျိုးထားသော မိုးပန်းများ စတင်ထွက်ပေါ်ချိန်၌ စျေးကွက်အတွင်း ဝင်ရောက်မှုနည်းပါးသဖြင့် စျေးကောင်းရနေကြောင်း ပြင်ဦးလွင်မြို့ရှိ ပန်းစိုက်တောင်သူများထံက သိရသည်။

“မိုးပန်းပေါ်ခါကစ အခုလိုအချိန်မှာ ဈေးကွက်အတွင်းကို ပန်းအဝင်နည်းတဲ့အတွက် ဈေးကောင်းရနေတာ ဖြစ်တယ်။ ဒီရက်ပိုင်းမှာတော့ စျေးကျဖို့မရှိသေးဘူး၊ နောက်ပိုင်းတော့ တဖြည်းဖြည်း ကျသွားနိုင်တယ်” ဟု ပန်းစိုက်တောင်သူ ကိုသူရိန်က ပြောသည်။

လက်ရှိတွင် ပြင်ဦးလွင်မြို့နယ်မှ စိုက်ပျိုးထွက်ရှိသည့် ပုလဲလုံး၊ ခိုင်ရွှေဝါ၊ ဂန္ဓမာပန်းများ စျေးကွက်အတွင်းသို့ ရောက်ရှိကာ ပန်းစျေးနှုန်းများအဖြစ် တစ်စည်းလျှင် ယခင်နှစ်က ၃၅၀၀/၃၇၀၀ ကျပ်အထိ အမြင့်ဆုံးစျေးရရှိခဲ့သော်လည်း ယခုနှစ်တွင် ၄၅ဝဝ ကျပ်အထိ ရောင်းချနေရကြောင်း သိရသည်။

“ဒီရက်ပိုင်းမှာ ရွှေလီမြို့ကိုလည်း ကိုဗစ်ကြောင့် စက်တင်ဘာ ၁၅ ရက်နေ့က ပိတ်ထားလိုက်တဲ့အတွက် တရုတ်ကဝင်တဲ့ပန်းတွေ မဝင်တော့ဘူး၊ အဲဒီတော့ ပြည်တွင်းမှာရှိတဲ့ပန်းကို အသုံးပြုရတော့မှာ ဖြစ်တဲ့အတွက် ဒီထက်ပိုစျေးကောင်းမယ့် အနေအထားမှာရှိတယ်” ဟု မန္တလေးမြို့ရှိ ပန်းပွဲရုံပိုင်ရှင် တစ်ဦးက ပြောသည်။

လက်ရှိတွင် ပန်းစိုက်တောင်သူများထံမှ ပွဲရုံများက အပြိုင်အဆိုင်ဝယ်ယူနေကြပြီး ရန်ကုန်နှင့် မော်လမြိုင်တို့မှလည်း အမှာများရရှိထားသော်လည်း တစ်ရက်လျှင် ကားသုံးစီးထက်ပိုကာ တင်ပို့နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)