နေပြည်တော် ၁၈ စက်တင်ဘာ

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ(၅)နှစ်စီမံကိန်း ရေးဆွဲချမှတ်နိုင်ရန် မသန်စွမ်းသူများအတွက် မဟာဗျူဟာ(၅)နှစ်စီမံကိန်း ရေးဆွဲရေးဆိုင်ရာ Technical Core Group အစည်းအဝေးကို ယနေ့နံနက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတွင် အွန်လိုင်းဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ Technical Core Group အဖွဲ့ဝင်များဖြစ်သည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ UNICEF (မြန်မာ)နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်တို့မှ တာဝန်ရှိသူ (၁၂)ဦး ပါဝင်တက်ရောက်ခဲ့ပြီး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများမှ မဟာဗျူဟာ(၅)နှစ် စီမံကိန်းရေးဆွဲရာတွင် အခန်းကဏ္ဍအလိုက် ဦးဆောင်ပါဝင်ဆွေးနွေးရန် လိုအပ်ချက်များ၊ မဟာဗျူဟာ (၅)နှစ်စီမံကိန်းတွင် ထည့်သွင်းမည့်အကြောင်းအရာနှင့် လုပ်ငန်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ဦးစားပေးစီမံချက်များ၊ မူဝါဒများ၊ မဟာဗျူဟာများနှင့် ကိုက်ညီမှုသေချာစေရေးအတွက် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ မဟာဗျူဟာ(၅)နှစ် စီမံကိန်းကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုတွင် ဘဏ္ဍာငွေလျာထားမှု၊  ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရေး အထူးသဖြင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်၏ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍ၊ နည်းပညာပိုင်းဆိုင်ရာ အားသာချက်၊ အားနည်းချက်၊ မဟာဗျူဟာ (၅)နှစ်စီမံကိန်း ရေးဆွဲရေးအတွက် ကျင်းပခဲ့သည့် ပထမအကြိမ် ဆွေးနွေးညှိနှိုင်းပွဲများမှ ရရှိလာသောရလဒ်များ၊ မဟာဗျူဟာစီမံကိန်း(ပထမမူကြမ်း)၊ ရှေ့လုပ်ငန်းစဉ်များ၊ ဒုတိယအကြိမ် အစည်းအဝေးများ မစတင်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်အချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ(၅)နှစ်စီမံကိန်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း အပြီးသတ်ရေးဆွဲချမှတ်နိုင်ရေးအတွက် ဆပ်ကော်မတီအလိုက် ညှိနှိုင်းဆွေးနွေးပွဲတို့ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လမှစတင် ကျင်းပလျက်ရှိပြီး စက်တင်ဘာလမှ အောက်တိုဘာလအတွင်း ဆပ်ကော်မတီအလိုက် ဆွေးနွေးပွဲတို့ကို (၃)ကြိမ်ခန့် ဆက်လက်ကျင်းပခြင်း၊ Technical Core Group အစည်းအဝေးကို ဆပ်ကော်မတီ ဆွေးနွေးပွဲများမတိုင်မီ ကြိုတင်ခေါ်ယူ၍ အကြိုညှိနှိုင်းမှုများပြုလုပ်ခြင်း၊ ဆပ်ကော်မတီဆွေးနွေးပွဲများ ပြီးသည့်အခါတိုင်း Technical Core Group အစည်းအဝေးကျင်းပခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်