၁၈ စက်တင်ဘာ

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ မီလီနော့ကတ်မြို့အနီးမှာ ကျင်းပခဲ့တဲ့ မင်္ဂလာအခမ်းအနားကို တက်ရောက်ခဲ့သူတွေထဲမှ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံး ၇ ဦးနဲ့ ပိုးတွေ့ရှိသူ ၁၇၇ ဦးရှိကြောင်း သိရပါတယ်။

ဩဂုတ်လဆန်းပိုင်းက ကျင်းပခဲ့တဲ့ မင်္ဂလာအခမ်းအနားကို တက်ရောက်ခဲ့သူ ၆၅ ဦးရှိကြောင်း၊ အခမ်းအနားပွဲအပြီး ၁၀ ရက်အကြာမှာ လူ ၂ ဒါဇင်လောက်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း၊ သေဆုံးသူတွေဟာ မင်္ဂလာပွဲတက်ရောက်သူတွေမဟုတ်ဘဲ ဆက်နွယ်သူများဖြစ်ကြောင်း သိရပါတယ်။

အင်မတန်လှပပြီး လူဦးရေ ၄,၀၀၀ လောက်သာနေထိုင်တဲ့ မီလီနော့ကတ်ဒေသတွင်း အမိန့်အရ အခမ်းအနားတွေမှာ လူ ၅၀ သာ တက်ရောက်ခွင့်ရှိကြောင်း သိရပါတယ်။ မီလီနော့ကတ်မြို့ တည်ရှိရာ မိန်းပြည်နယ်ရဲ့ ကူးစက်ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးက စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

မြို့နဲ့ မိုင် ၂၃၀ အကွာမှာရှိတဲ့ အကျဉ်းထောင်မှာလည်း ပိုးတွေ့ရှိသူ ၈၀ ဦးရှိကြောင်း၊ အဲဒီပိုးတွေ့သူတွေဟာလည်း မင်္ဂလာအခမ်းအနားနဲ့ ဆက်စက်မှုရှိကြောင်း သိရပါတယ်။ အကျဉ်းထောင်ဝန်ထမ်းတစ်ဦးဟာ မင်္ဂလာအခမ်းအနားကို တက်ရောက်ခဲ့သူလို့ ဆိုပါတယ်။

မြို့နဲ့ မိုင် ၁၀၀ အကွာရှိ ဘိုးဘွားရိပ်သာမှာ ပိုးတွေ့ရှိသူ ၃၉ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိကြောင်းနဲ့ မင်္ဂလာအခမ်းအနားကျင်းပရာ ခရစ်ယာန်ဘုရားကျောင်းမှာ ပိုးတွေ့ရှိသူ ၁၀ ဦး နီးပါးလည်းရှိကြောင်း သိရပါတယ်။

မိန်းပြည်နယ်ဟာ လူဦးရေ ၁ ဒသမ ၃ သန်းသာနေထိုင်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးက ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ဝန်းခြံရဲ့အပြင်မှာ ရှိနေတာမဟုတ်ဘဲ ကိုယ့်ခြံဝန်းထဲမှာ ရှိနေတဲ့အတွက် အထူးဂရုစိုက်ရန် ပြောကြားပါတယ်။

အမေရိကန်နိုင်ငံမှာ ဖေဖော်ဝါရီလက ဂျော်ဂျီယာကျင်းပတဲ့ အသုဘအခမ်းအနားတစ်ခုကို လူပေါင်း ၁၇၅ ဦးလောက် တက်ရောက်ရာ ပိုးတွေ့ရှိသူ ၁၀၀ ကျော်ရှိခဲ့ဖူးကြောင်း သိရပါတယ်။

MDN

ကိုးကား- AFP