နေပြည်တော် ၁၈ စက်တင်ဘာ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ကမ္ဘာ့ဘဏ်အုပ်စု၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ Vice President ဖြစ်သူ Ms. Victoria Kwakwa နှင့် ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားစဉ် ကာလအတွင်း ကမ္ဘာ့ဘဏ်မှ Myanmar Health Service Access Project, Myanmar COVID-19 Emergency Response Project နှင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှုများ၊ ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့အစည်းတစ်ခုဖြစ်သော International Development Association (IDA) မှ Financing Programs များဖြင့် ချေးငွေနှင့်ထောက်ပံ့ငွေများ ပံ့ပိုးပေးခဲ့မှုများအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများ၊ COVID-19 Economic Relief Plan (CERP) နှင့်အညီ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများအပေါ် ဆောင်ရွက်နေသည့် ကုစားရေးအစီအစဉ်များနှင့် မူဝါဒများ ချမှတ်ဆောင်ရွက်ထားရှိမှု၊ ကမ္ဘာ့ဘဏ်၏ ပံ့ပိုးကူညီမှုဖြင့်ဆောင်ရွက်နေသည့် Public Financial Management Project ၏ တိုးတက်မှု၊ Financial Sector Development Project ဆောင်ရွက်မှု၊ မကြာမီထုတ်ပြန်သွားမည့် The Myanmar Economic Recovery and Reform Plan ဆောင်ရွက်နေမှုများအား ဆွေးနွေးပြောကြားသည်။
ကမ္ဘာ့ဘဏ်၏ Vice President ဖြစ်သူ Ms. Victoria Kwakwa က ယခုလတ်တလောတွင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် စိန်ခေါ်မှုများနှင့်ကြုံတွေ့နေရသည့် အချိန်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထွက်ရှိလာပါက Vaccine Procurement အတွက် ကမ္ဘာ့ဘဏ်က ကူညီဆောင်ရွက်ပေးမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် ကျန်းမာရေးအသုံးစရိတ်များအတွက် ဘဏ္ဍာရေးလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး၊ ကပ်ရောဂါပြန်လည်ကုစားရေးနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ကမ္ဘာ့ဘဏ်အနေဖြင့် ငွေကြေးအထောက်အပံ့နှင့် နည်းပညာအကူအညီများ ပံ့ပိုးပေးနေမှုအခြေအနေများ၊ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအတွက်ရေးဆွဲထားသည့် Country Partnership Framework for Myanmar (FY 2021-2023) နှင့် Pipeline Projects များ၊ ကမ္ဘာ့ဘဏ်၏ ချေးငွေနှင့် ထောက်ပံ့ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများဆောင်ရွက်ရန် ကိစ္စရပ်များအား ဆွေးနွေးပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုမည့် Human Capital တိုးတက်ရေးကိစ္စရပ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ပါဝင်မှုတိုးမြှင့်လာရေးကိစ္စရပ်များတွင် ကမ္ဘာ့ဘဏ်မှ ဆက်လက်ကူညီပံ့ပိုးပေးမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
အဆိုပါ Virtual Meeting သို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဆက်အောင်နှင့် ဒေါက်တာမင်းရဲပိုင်ဟိန်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်နှင့် ဌာနဆိုင်ရာအရာရှိကြီးများ၊ ကမ္ဘာ့ဘဏ်မှ Vice President Ms. Victoria Kwakwa နှင့်အတူ ကမ္ဘာ့ဘဏ်၏ အရှေ့တောင်အာရှမဲပေးအုပ်စု၊ အမှုဆောင်ဒါရိုက်တာ Ms. Kulaya Tantitemit နှင့် ကမ္ဘာ့ဘဏ်၏ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ Country Director Ms. Mariam Sherman တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


