နေပြည်တော် ၁၈ စက်တင်ဘာ
ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း နှစ်စဉ်ကျင်းပပြုလုပ်သည့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ (Least Developed Countries-LDCs) ဝန်ကြီးများအဆင့် အစည်းအဝေးကို ယမန်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် virtual စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဆက်အောင်နှင့် ဒေါက်တာမင်းရဲပိုင်ဟိန်းတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် မာလာဝီနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Mr. Eisenhower Mkaka M.P, က ဆောင်ရွက်ပြီး၊ ကာတာနိုင်ငံခြားရေးဝန်ကြီး၊ ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ၊ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ ဥက္ကဋ္ဌ၊ ကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်၊ International Finance Corporation မှ ဒုတိယဥက္ကဋ္ဌ နှင့် UN-OHRILLS မှ Undersecretary General တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။
ထို့နောက် LDCs နိုင်ငံများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများက မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ယခုနှစ်သည် အစ္စတန်ဘူလ်လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရမည့် နောက်ဆုံးနှစ်ဖြစ်ပြီး ကိုဗစ်-၁၉ ၏ သက်ရောက်မှုများနှင့် တိုက်ဆိုင်နေသည့် ကာလလည်း ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကြောင့် LDCs နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအများစုတွင် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စရပ်များတွင် ပြင်းထန်စွာ ထိခိုက်မှုများရှိခဲ့ကြောင်း၊ အစ္စတန်ဘူလ် လုပ်ငန်းစဉ် အကောင်အထည်ဖော်ရာတွင်လည်း နိုင်ငံများအကြား ကွာဟချက်များရှိနေသေးကြောင်း၊ လာမည့် LDCs ကွန်ဖရင့်တွင် အတည်ပြုမည့် ၁၀ နှစ် လုပ်ငန်းစဉ်အသစ်သည် အကောင်အထည်ဖော်ရန် ကျန်ရှိနေသည့် အစ္စတန်ဘူလ်လုပ်ငန်းစဉ်နှင့် ကမ္ဘာ့ဖွံ့ဖြိုးမှု အစီအစဉ်တို့ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် လက်ရှိဖြစ်ပေါ်တိုးတက်မှုများနှင့် အသေးစိတ် အချက်အလက်များပါဝင်သည့် အစ္စတန်ဘူလ် လုပ်ငန်းစဉ် အကောင်အထည်ဖော်မှု အစီရင်ခံစာ တင်သွင်းရန် စီစဉ်လျက်ရှိပါကြောင်း။
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များက ပေးအပ်ခဲ့သည့် အထောက်အပံ့များအပေါ် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများက အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလက ထုတ်ပြန်ခဲ့သည့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအဖွဲ့၏ global stimulus package for LDCs ကြေငြာချက်သည် ပြန်လည်ပေးဆပ်ရမည့် ကြွေးမြီများကို ဆိုင်းငံ့ပေးခဲ့ခြင်းကို အထောက်အကူပြုခဲ့ပြီး၊ ငွေကြေးအရင်း အမြစ်များကို ပြောင်းလဲသုံးစွဲနိုင်ခဲ့သဖြင့် ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေးနှင့် ပြည်သူလူထု၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုဆောင်ရွက်နိုင်ခွင့်များ ရရှိစေခဲ့ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် ဧပြီလမှ စတင်၍ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (CERP) ကို ချမှတ်အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်မှု အခြေအနေများရှိသော်လည်း အဆိုပါ ထိခိုက်မှုများကို အနည်းဆုံးဖြစ်အောင် ကြိုးပမ်းလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို အကောင်အထည်ဖော်နေသည့်အပြင် လုပ်ငန်းစီမံကိန်းများကို ပွင့်လင်းမြင်သာစွာဖြင့် ပုဂ္ဂလိကကဏ္ဍကို ဆွဲဆောင်ပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း ရှိစေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လိုက်ပါအကောင်အထည်ဖော်လျက် ရှိပါကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ် စုစုပေါင်း (၁၄၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှလည်း မြန်မာကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်တက်ရောက်သည်။
အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအနေဖြင့် ယခင်ကတည်းပင် ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှု၊ ရာသီဥတုပြောင်းလဲမှု စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ အကျပ်အတည်းသည် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ၏ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုအပေါ် အဆိုးရွား ဆုံးသက်ရောက်မှုရှိကြောင်း၊ အဆိုပါ အခြေအနေများကို ကျော်လွှားနိုင်ရန် ဖွံ့ဖြိုးမှုအကူအညီများ ဆက်လက်ရရှိရေးသည် အထူးအရေးကြီးကြောင်း၊ ထို့ပြင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအဖြစ်မှ လွတ်မြောက်ရေး (Graduation) လမ်းကြောင်းပေါ်တွင်ရှိသော နိုင်ငံများ၏ တိုးတက်မှုများကို နောက်ပြန်မဆုတ်စေရေးအတွက် အကူအညီများ ဆက်လက်ပေးအပ်ရန် လိုကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပမည့် Fifth Least Developed Countries Conference (LDC-V) တွင် အတည်ပြုချမှတ်သွားရန်ရှိသည့် (၁၀)နှစ်တာ လုပ်ငန်းအစီအစဉ်သည် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ၂၀၃၀ အာဂျင်ဒါ ပြည့်မီရေးတို့အပေါ် အထောက်အကူပြုစေမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအပြီးတွင် ဝန်ကြီးအဆင့် ကြေညာစာတမ်း (Ministerial Declaration) ကို အတည်ပြုပြီး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


