မန္တလေး ၁၈ စက်တင်ဘာ

ရှားပါးသွားပြီဖြစ်သော မှန်ပန်းချီကို မန္တလေးမြို့အနီး အမရပူရမြို့ မြေပဲတန်းရပ်ကွက်ရှိ ပုလင်းပန်းချီပညာရှင် ဦးချစ်မြ၏သား ကိုရှိန်ဝါလင်းက ဆက်လက်ထိန်းသိမ်း ရေးဆွဲလျက်ရှိကြောင်း သိရသည်။ ယခင်က မှန်ပန်းချီကို ပုလင်းပန်းချီ ပညာရှင် ဦးချစ်မြက ပုလင်းပန်းချီနှင့်အတူ တွဲဖက်ရေးဆွဲကာ ဒေသအနှံ့ ဓမ္မာရုံများတွင် ငါးရာငါးဆယ်ဇာတ်နိပါတ် မှန်ပန်းချီကားများကို ရေးဆွဲပေးခဲ့သည်။ ပုလင်းပန်းချီပညာရှင် ဦးချစ်မြ ကွယ်လွန်သွားသည့် နောက်ပိုင်းတွင် ဦးချစ်မြ၏ သားဖြစ်သူ ကိုရှိန်ဝါလင်းက ရှားပါးမှန်ပန်းချီပညာကို ဆက်လက်ထိန်းသိမ်း ရေးဆွဲလျက်ရှိကြောင်း သိရသည်။

မှန်ပန်းချီရေးဆွဲနည်းမှာ ကင်းဘတ်ပေါ်တွင် ရေးဆွဲသည့်နည်းနှင့် ကွဲလွဲသည်။ မှန်ပန်းချီမှာ ရေးသည့်ဘက်မှ မလှဘဲ မရေးသည့်ဘက်မှ လှအောင်ရေးဆွဲသည့် နည်းစနစ်ပင်ဖြစ်သည်။ မှန်ပန်းချီကိုအခြေခံကာ ပုလင်းပန်းချီများကိုပင် ရေးဆွဲလေ့ရှိသည်။ မှန်ပန်းချီကို နိုင်ငံခြားမှ ပညာရှင်များက စာတမ်းပြုစုရန် လာရောက်သည့် လေ့လာမှုများပါ ပြုလုပ်လာကြသည်။

မန္တလေးမြို့အနီး အရပူရမြို့တွင် ၁၉၈၀ ခုနှစ်မှစတင်ကာ ပုလင်းပန်းချီပညာရှင် ဦးချစ်မြက မှန်ပန်းချီများကို တစ်စိုက်မတ်မတ် ရေးဆွဲခဲ့သည်။ ၁၉၈၀ မှ ၁၉၉၀ အထိ ဆယ်နှစ်တိတိ မှန်ပန်းချီရေးဆွဲကာ နိုင်ငံခြားအထိ တင်ပို့ပေးခဲ့သည်။ အထူးသဖြင့် တရုတ်ပြည်တင်ပို့ရန်အတွက် တရုတ်ရိုးရာလိုင်းများ ပြည်တွင်းအတွက် နိပါတ်ပန်းချီများ ရှုခင်းပန်းချီများကို တစ်စိုက်မတ်မတ် ရေးဆွဲခဲ့သည်။ နောက်ပိုင်းတွင် မှန်ကုန်ကြမ်း အခက်အခဲရှိခြင်း၊ ပုလင်းပန်းချီကို လေ့ကျင့်ရေးဆွဲခြင်းများကြောင့် မှန်ပန်းချီကို ရေးဆွဲတင်ပို့မှု မပြုလုပ်တော့ပေ။

လက်ရှိကာလတွင် ပုလင်းပန်းချီ ဦးချစ်မြ၏သား ကိုရှိန်ဝါလင်းက  ရှားပါးသွားသော မှန်ပန်းချီကို ဆက်လက်ထိန်းသိမ်းထားသည်။ အနယ်နယ်အရပ်ရပ် ဘုန်းတော်ကြီးကြီးကျောင်းများတွင် လိုက်လံရေးဆွဲပေးလျက်ရှိသည်။ မှန်ပန်းချီကို ဘုန်းတော်ကြီးကျောင်း ဘုရားခန်းများတွင် မှန်ပန်းချီရေးဆွဲပြီး မှန်စီရွှေချ ပုံစံထားခြင်းများ ပြုလုပ်ကြသည်။ မှန်ပန်းချီကားများကို ရိုးရိုးပန်းချီကားများ ကဲ့သို့ပင် ပေါင်သွင်းကာ ချိတ်ဆွဲခြင်းများ ပြုလုပ်ကြသည်။ ယခုအခါ မန္တလေးမြို့အနီး အမရပူရမြို့ မြေပဲတန်းရပ်မှ ပုလင်းပန်းချီ ဦးချစ်မြ၏သား ကိုရှိန်ဝါလင်းက ဆက်လက်ထိန်းသိမ်း ရေးဆွဲလျက်ရှိကြောင်း သိရသည်။     

တိမ်တမန်