ကျွန်းစု ၁၉ စက်တင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက ရုတ်တရက်လေပြင်း တိုက်ခတ်၍ ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ပြိုကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ရုတ်တရက်လေပြင်းတိုက်ခတ်၍ ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် စခန်းသစ်ကျေးရွာအုပ်စု၊ ဝါးအော်ကျေးရွာ၌ နေအိမ်(၂)လုံးမှာ အကာအရံများ မျောပါပျက်စီးခဲ့ပြီး နေအိမ်(၁)လုံးမှာ တစ်ဆောင်လုံးပျက်စီးခဲ့ကြောင်း၊ ကံမော်ကျေးရွာအုပ်စု၊ ကော်မယ်(အနောက်)ကျေးရွာနှင့် ကော်မယ်(အရှေ့)ကျေးရွာ၌ နေအိမ်(၂)လုံးမှာ အကာအရံများ မျောပါပျက်စီးခဲ့ပြီး နေအိမ်(၁)လုံးမှာ တစ်ဆောင်လုံးပျက်စီးခဲ့ကြောင်း၊ ရေကန်တောင် ကျေးရွာအုပ်စု၊ ရေကန်တောင်ကျေးရွာ၌ နေအိမ်(၁၀) လုံးမှာ အကာအရံများ မျောပါပျက်စီးခဲ့ပြီး နေအိမ်(၁)လုံးမှာ တစ်ဆောင်လုံးပျက်စီးခဲ့ကြောင်း သိရသည်။

 

 

အဆိုပါဖြစ်စဉ်၌ လူ/တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုများ မရှိကြောင်း၊ ရေဘေးကြောင့် နေအိမ် အပျက်အစီးများအား ကျေးရွာတာဝန်ခံများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက ဝိုင်းဝန်းရှင်းလင်း ပေးခဲ့ကြောင်းနှင့် ဘေးသင့်မိသားစုဝင်များအား ကျေးရွာရှိဘုန်းတော်ကြီးကျောင်းတွင် ပြောင်းရွှေ့နေထိုင်နိုင်ရေး စီစဉ်ပေးခဲ့ကြောင်း သိရသည်။

 

မင်းကျော်စော (ပြန်/ဆက်)