ကန်ပက်လက် ၂၂ စက်တင်ဘာ
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် ဆေကေးကျေးရွာအုပ်စု၊ ဖျန်ချောင်းကျေးရွာ၌ ရေပိုက်လိုင်း ပြုပြင်သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို စက်တင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ကန်ပက်လက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထန်းအွမ်နှင့်ဝန်ထမ်းများက ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူ ဖျန်ချောင်း ကျေးရွာ ရေပိုက်လိုင်း ၂ မိုင် ရေပိုက်လိုင်းပြုပြင်သွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။

အဆိုပါ ကျေးရွာတွင် တစ်လက်မခွဲ PVC ပိုက်ဖြင့် ရေပိုက်လိုင်း ၂ မိုင် ပြုပြင်သွယ်တန်းခြင်းလုပ်ငန်းကို Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ COVID-19 ကာလအတွင်း ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ စီမံကိန်းလုပ်ငန်းပါဝင်လုပ်ကိုင်သူများကို တစ်နေ့လျှင် လုပ်အားခ ၆၀ဝ၀ ကျပ်နှုန်းဖြင့် ချက်ခြင်းပေးချေ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထန်အွမ်က ပြောသည်။
ဖျန်ချောင်းကျေးရွာရေပိုက်လိုင်းပြုပြင်သွယ်တန်းလုပ်ငန်းသည် အဆိုပါကျေးရွာရှိ အိမ်ခြေ(၂၂)၊ လူဦးရေ (၁၁၄)ဦးတို့၏ သောက်သုံးရေအတွက် အကျိုးပြုမည်ဖြစ်ကြောင်း၊ ရေပိုက်လိုင်း ပြုပြင်သွယ်တန်းခြင်း လုပ်ငန်းကို ဩဂုတ်လ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
စိုးမိုးကျော်