ဟင်္သာတ  ၂၂  စက်တင်ဘာ

 

ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဈေးကြီးများနှင့်  လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များအား အချိန်အကန့်အသတ်ဖြင့် ရောင်းချမှုများကို ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဟင်္သာတမြို့နယ်အတွင်း ရှိ ဈေးကြီးများတွင် အခြေခံစားသောက်ကုန် ပစ္စည်းများနှင့် ဆေးဝါးရောင်းချသည့်ဆိုင်များအား နေ့စဉ်နံနက်(၆)နာရီမှ နေ့လည်(၂)နာရီအထိ ရောင်းချရန်နှင့် ကျန်ရှိသည့်ဆိုင်များကို ယာယီပိတ်သိမ်းထားရန်၊  လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များဖြစ်သည့် ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ ကုန်ခြောက်ဆိုင်များ၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များ၊ ပုဂ္ဂလိက အိမ်ဆိုင်များ၊ ဌာနဆိုင်ရာ သက်သာဈေးဆိုင်ခန်းများ၊ ဘုရားဈေး ဆိုင်ခန်းများအား နေ့စဉ် နံနက် (၆) နာရီမှ နေ့လယ် (၂) နာရီအထိ ရောင်းချ သွားရန်နှင့် ပုဂ္ဂလိက ဆေးဝါးအရောင်းဆိုင်များအား နေ့စဉ် နံနက် (၆)နာရီမှ ည (၈) နာရီအထိသာ ရောင်းချသွားရ မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သတ်မှတ်ချိန်အတိုင်း ဈေးရောင်းချခွင့် ရှိသည့် ဆိုင်များအနေဖြင့် အောက်တိုဘာ (၁)ရက်နေ့အထိ အလေးထားလိုက်နာဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိသူများကို တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက အသိပေးကြေညာထားကြောင်း သိရှိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)

 

mdn