မောင်တော ၂၂ စက်တင်ဘာ

 

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာများအား မြို့နယ် ပြည်သူ့ ဆေးရုံ၌ သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ယနေ့ မောင်တောပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ပိုးတွေ့ ရှိသူများ အနက်မှ ၄ ဦးမှာ ရောဂါပိုးကင်းစင်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

 

မောင်တောပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအနက် ၄ ဦးမှာ ရောဂါပိုးကင်းစင်သဖြင့် စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းက  ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသွားသူ ၄ ဦးအတွက် ဝမ်းမြောက်ဂုဏ်ပြုစကားပြောကြားကာ  ရောဂါပျောက်ကင်းကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး ဆေးရုံဆင်း လူနာများသည် မိမိ နေအိမ်တွင် (၇) ရက် အသွားအလာကန့်သတ်ကာ သီးသန့်နေထိုင်ရမည်ဖြစ်ရာ ဆက်လက် ဆောင်ရွက်ရမည့် လမ်းညွန်ချက်များအား တိကျစွာ လိုက်နာကြဖို့ မှာကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ရဲ နှင့် တာဝန်ရှိသူများက စားဝတ်နေရေး အခက်အခဲရှိသော အခြေခံအိမ်ထောင်စု (၂)စုရှိ ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသွားသူ ၄ ဦးအား ဆန်၊ ဆီ၊ ကြက်ဥ နှင့် နှာခေါင်း စည်း Mask များကို ထောက်ပံ့ပေးခြင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် ကျောင်းဆင်းညီအကိုများ စုပေါင်း၍ တစ်ဦးလျှင် ငွေကျပ် (၂) သောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူများမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသူများဖြစ်ပြီး ဆေးရုံဆင်းခွင့်ရရှိသူများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန် ရှိသူများက နေအိမ်များသို့ လိုက်ပို့ပေးခဲ့ကြသည်။

 

မောင်တောမြို့တွင် ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက်မှာ စက်တင်ဘာ (၁၀)ရက်မှ (၂၂) ရက်အထိ (၂၃)ဦး ရှိပြီး လက်ရှိတွင် မောင်တောပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၁) ဦးသာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)