ကော့ကရိတ် ၂၂ စက်တင်ဘာ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင်  COVID-19 ရောဂါကူးစက် ပြန့်ပွားမှုမဖြစ်ပေါ် စေရေးအတွက် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို နေ့စဉ် အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက မြို့နယ် COVID-19 ကြီးကြပ်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ သဟဇာတလူငယ်အဖွဲ့များ၊ စေတနာ့ဝန်ထမ်းလူငယ်များ ပူးပေါင်း၍ COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့်ညီညွတ်သော နှာခေါင်းစည်းများ အခမဲ့တပ်ဆင်ပေးခြင်း၊ နှာခေါင်းစည်းများကို စနစ်တကျအသုံးပြုရေးနှင့် အိမ်အပြင်ထွက်ပါက နှာခေါင်းစည်းများတပ်ဆင်ပြီးမှ သွားလာကြရန်၊ ရောဂါမကူးစက်အောင် ရှောင်ရန်၊ ဆောင်ရန်များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ အသိပညာပေးလုပ်ငန်းများကို ကော့ကရိတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် COVID-19 ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်စောင့်ကြည့်ရေးကော်မတီ၊ ပြန်/ဆက်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် လူငယ်များ၊ သဟဇာတအဖွဲ့ဝင် လူငယ်များ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ လူစည်ကားသော ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်ရှိ မီးပွိုင့်လမ်းဆုံ၊ မြို့မဈေးကြီးရှေ့၊ ဇိနသုခဘုရားကြီးရှေ့တို့တွင် မြို့ပေါ်စေတနာအလှူရှင်များမှ လှူဒါန်းသော Mask များ ဝေငှခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

ကျော်စိုးလွင်

ခရိုင် (ပြန်/ဆက်)

 

mdn