ကန့်ဘလူ ၂၂ စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိသည့် ဂန္ဓမာပန်းပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စျေးနှုန်းကောင်းမွန်ရန် မျှော်လင့်နေကြကြောင်း စိုက်ပျိုးသူ တောင်သူများထံမှ သိရသည်။

ပျိုးပင်များကို မေမြို့မှ မှာယူပြီး မြေပြင်တွင် တစ်ဘောင်နှင့် တစ်ဘောင်ကြား လူသွားလမ်းသုံးပေကျန်ကာ နှစ်ပေခွဲရှိသည့် ဘောင်တွင် လေးပင်တန်း စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။

ယခုစိုက်ပျိုးထားသည့် ဂန္ဓမာစိုက်ခင်းတွင် အပင်ပေါင်း တစ်သောင်းခွဲစိုက်ပျိုးထားပြီး ရွှေဝါဝင်း၊ ရွှေစပါယ်၊ ငွေစပါယ်၊ ရွှေဖြူနှင့် ရွှေစိမ်း စသည်ဖြင့် မျိုးကွဲပေါင်း (၅)မျိုး စိုက်ပျိုးထားရာ အောက်တိုဘာဘကုန်၌ စတင်ခူးဆွတ်ရောင်းချနိုင်ပြီ ဖြစ်သည်။ ယမန်နှစ်က ဂန္ဓမာသုံးခက်တစ်စည်းကို ငွေကျပ် ၂၅၀ နှုန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင်စိုက်ပျိုးနေသူ အမှတ်(၃)ရပ်ကွက်နေ တောင်သူ ဦးလှအောင် က ပြောသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)