လိပ်သို ၂၃ စက်တင်ဘာ

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ နှင့် ရှမ်းလယ်ပြင်ကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသော အရှည် (၁၆) မိုင် ရှိ မြေနီလမ်းတွင် ရေပြွန်တံတားငယ် (Box Culvert) များ တည်ဆောက်ပြီးစီးပြီဖြစ်၍ ရှမ်းလယ်ပြင်ကျေးရွာနှင့် အနီး၀န်းကျင် ကျေးရွာများမှ ပြည်သူများ သွားလာရေးနှင့် ကျေးရွာအတွက် ကုန်များ သယ်ပို့ရာတွင် ယခင်ကထက် လမ်းပမ်းဆက်သွယ်ရေး ပိုမို အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ လမ်းပေါ်ရှိ တံတားငယ်လေးများကို ၂၀၁၉-၂၀၂၀ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် သံတောင်ကြီးမြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စီမံကြီးကြပ်မှုဖြင့် ကင်းမော်သား ကုမ္ပဏီက တာ၀န်ယူတည်ဆောက်ခဲ့ပြီး အရှည် (၅) ပေရှိ တံတားငယ် (၆) စင်း၊ (၈) ပေအရှည်ရှိ တံတားငယ် (၅) စင်း စုစုပေါင်း တံတားငယ် (၁၁) စင်း တည်ဆောက်ပြီးစီးခဲ့ကြောင်း သံတောင်ကြီးမြို့နယ်၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး စောထူးပေါထူး ထံမှ သိရသည်။

 

နွယ်နွယ်ခိုင် (ပြန်/ဆက်)