ကွတ်ခိုင် ၂၃ စက်တင်ဘာ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြိုနယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက COVID-19 ကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုများအတွက် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ပန်ကူကျေးရွာအုပ်စု၊ မန်ပိန်းကျေးရွာ၌ ကျေးရွာအဝင် လမ်းပြင်ဆင်တိုးချဲ့ခြင်းနှင့် ကျောက်ရောမြေခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

အဆိုပါ မန်ပိန်းကျေးရွာ၌ ကျေးရွာအဝင်လမ်းပြင်ဆင်တိုးချဲ့ခြင်းနှင့် ကျောက်ရောမြေခြင်းလုပ်ငန်းကို အလျားပေ ၂၃၀ဝ ၊ အကျယ် ၁၀ ပေ၊ အမြင့် ၆ လက်မထုခင်းခြင်း လုပ်ငန်းကို Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ ထောက်ပံ့ပေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးပေး၍ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယခုအခါရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကွတ်ခိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင့်နိုင်မိုးကပြောသည်။
Cash for Work စီမံကိန်းသည် ကျေးရွာမှာရှိတဲ့ အလုပ်လက်မဲ့ ဖြစ်နေသူတွေ၊ ဝင်ငွေမရှိတဲ့သူတွေ၊ အမျိုးသမီးဦးဆောင်တဲ့ အိမ်ထောင်စုတွေကို ဦးစားပေးကာ စီမံကိန်းလုပ်ငန်းတွေ ဝင်ရောက် လုပ်ကိုင်စေပြီး ဝင်ငွေရရှိအောင်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်တဲ့အခါ တစ်နေ့လျှင် လုပ်အားခအဖြစ် ကျား၊ မ မရွေး လူတစ်ဦးကို ငွေကျပ် ၄၈၀ဝ ကနေ ၆၀ဝ၀ ကျပ်အထိ လက်ငင်းပေးချေ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ အဆိုပါကျေးရွာအဝင်လမ်းသည် ကျေးရွာရှိ အိမ်ခြေ(၅၂)အိမ်၊ လူဦးရေ(၂၉၆)ဦးတို့အတွက် အကျိုးပြုလျက်ရှိကြောင်း သိရသည်။
စိုးမိုးကျော်