မန္တလေး ၂၃ စက်တင်ဘာ
စိန်နားကပ်တစ်ရံကို တစ်ရှူးနှင့်လိပ်ထားရာမှ အမှိုက်နှင့်ရောပစ်မိသည့်အတွက် ပြန်ရှာပေးခဲ့သည့် စည်ပင် အမှိုက်သိမ်းယာဥ်မောင်းနှင်သူကို နှစ်ပတ်လည်နေ့တွင် ဂုဏ်ပြုပေးသွားမည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က လူမှုကွန်ရက်မှတစ်ဆင့်ပြောကြားထားသည်။
ယနေ့မနက်ပိုင်းက အမရပူရမြို့နယ်မှ ယာဉ်မောင်းဦးသိန်းနိုင်ထွန်း(ယာယီ)မောင်းနှင်သော RC-24 အမှိုက်သိမ်းယာဉ်သည် တိုးချဲ့(၄)ရပ်ကွက်တွင် အမှိုက်သိမ်းဆည်းပြီး၍ တောင်အင်းမြောက်အင်းအမှိုက်ကျင်းသို့အသွား ဖုန်းဝင်လာပြီး အမှိုက်ပစ်ရင်း ကားပေါ်သို့တစ်ရှူးဖြင့်ထုပ်ထားသော စိန်နားကပ်ပါသွားကြောင်း ပြောသဖြင့် လမ်းဘေးတွင်ကားရပ်ထားပြီး ပိုင်ရှင်ရောက်အလာထိ စောင့်ပေးခဲ့ကြောင်း သိရသည်။
ပိုင်ရှင်များက လမ်းဘေးတွင် ကားရပ်ကာပြန်လည်ရှာဖွေလိုကြောင်းပြောသော်လည်း လမ်းဘေးအမှိုက်များသွန်ချ၍ ရှာဖွေမရကြောင်းပြောကာ အမှိုက်စွန့်ပစ်နေရာသို့ခေါ်လာပြီး အမှိုက်ကျင်းတာဝန်ခံထံ ခွင့်တောင်းပြီး သီးခြားတစ်နေရာရာကို အမှိုက်ချရှာခွင့်တောင်းခံကြောင်း သိရသည်။
မနက်၁၀နာခွဲအချိန်တွင် အမှိုက်များထဲမှ စိန်နားကပ်ကို ပြန်လည်ရှာတွေ့ခဲ့သည်ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။
ပိုင်ရှင်များမှ နားကပ်ပြန်ရှာဖွေပေးခဲ့သောကြောင့် ငွေကျပ် ၁၅၀,၀၀ကို မုန့်ဖိုးပေးခဲ့ရာ အမှိုက်စွန့်ပစ်နေရာမှ ကူညီရှာဖွေပေးသော ကလေးများနှင့်ခွဲဝေယူခဲ့ကြောင်းကိုလည်း မြို့တော်ဝန်က ဖော်ပြထားသည်။
ဖြိုးအိ
