တောင်ကြီး ၂၄ စက်တင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မြို့နယ် ၂၁ မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ခု ဘဏ္ဍာနှစ် အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိ မြို့နယ် ၂၁ တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးလက် ကုန်ထုတ်လမ်း ၄၃ လမ်း အရှည် ၇၆ မိုင် ၇ ဖာလုံ၊ တံတား ၄၃ စင်း အရှည် ၃၃၆ ပေတည်ဆောက်ခြင်း၊ ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးလုပ်ငန်းများအဖြစ် ကျေးရွာပေါင်း ၂၆၀ ရွာအတွက် ရေရရှိရေးလုပ်ငန်း ၂၄၁ ခု အကောင်အထည်ဖော်ခြင်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း ၇၅ ယူနစ်ဖြင့် ကျေးရွာပေါင်း ၉၆ ရွာတွင် ဆောင်ရွက်ပေးခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP လုပ်ငန်းများအား ကျေးရွာပေါင်း ၃၁၀ တွင် လမ်း တံတား၊ ရေရရှိရေး၊ မီးလင်းရေး၊ ကျေးရွာခန်းမဆောင် တည်ဆောက်ရေး စသည့်လုပ်ငန်းပေါင်း ၃၇၅ ခုကို ကျေးရွာပြည်သူလူထု ကိုယ်တိုင်အကောင်အထည် ဖော်ဆောင်ရွက်စေခြင်း၊ Cash for Work စီမံကိန်းအဖြစ် ကျေးရွာ ၁၁၃ ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်း ၁၄၁ ခုဆောင်ရွက်ခြင်း၊ ကျေးရွာပေါင်း ၁၃၆ ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ပေးခြင်း၊ ကျေးလက်ဒေသ မီးလင်းရေးအဖြစ် ကျေးရွာ ၃ ရွာတွင် Solar Mini Grid System ၃ ခု တည်ဆောက်ခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ ယခုအချိန်၌ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉ - ၂၀၂၀ ခု ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၁၂၈၇၈ ဒသမ ၇၆ သန်း၊ ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ် ၃၀၆၁ ဒသမ ၈၁၆ သန်း စုစုပေါင်း ပြည်ထောင်စု၊ ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၁၅၉၄၀ ဒသမ ၅၇၆ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးထံမှ သိရသည်။
ငြိမ်းသူ