မိုးနဲ ၂၄ စက်တင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်မိုးနဲမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကျေးရွာအုပ်စု ကျန်းမာရေး ဌာနခွဲများမှ တာဝန်ရှိသူများက ကျေးရွာများသို့ အသိပညာပေးကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နားခံကျေးရွာ၊ ဟဲကေ ကျေးရွာ၊ ဆွမ်မရမ်းကျေးရွာနှင့် ဆိုက်ဖယ်ကျေးရွာများရှိ ကျန်းမာရေးဝန်ထမ်းများက ကျေးလက်နေပြည်သူများ ကူးစက်မှုနှုန်း များပြားလာသည့် ကိုဗစ် - ၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများအားလုံး အလေးထားလိုက်နာကြရန်၊ မိမိအိမ်တွင်သာနေထိုင်ကြရန်၊ အိမ်ပြင်ထွက်ခွာသွားလာပါက နှာခေါင်းစည်း (Mask) ကို မဖြစ်မနေတပ်ဆင်သွားလာကြရန်၊ လက်ကို ဆပ်ပြာအသုံးပြု၍ရေဖြင့် စနစ်တကျ ဆေးကြောရန်၊ ကျန်းမာရေးနှင့်ညီညွတ်စေရန် မိမိပတ်ဝန်းကျင်ကို သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိနိုင်ရန် စသည့်အသိပညာပေးနှိုးဆော်ခြင်းများကို (Hand Speaker) များအသုံးပြု၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ (မိုးနဲ)

 

mdn