မကွေး  ၂၄  စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ထိခိုက်မှုများရှိနေသည့်အတွက် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)ရန်ပုံငွေ ကျပ်သိန်း ၃၃၀၀ အသုံးပြုကာ ကျေးရွာ ၁၂ ရွာတွင် ၂၀၂၀ပြည့်နှစ် ဇူလိုင်လမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှသိရသည်။

 

ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို ကိုဗစ်-၁၉ ရောဂါကြောင့် လူမှုစီးပွားဘဝများ ထိခိုက်ခံစားခဲ့ရသည့် ကျေးလက်နေပြည်သူများ နိုင်ငံတော်အစိုးရမှ ဦးဆောင်ကာ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် လုပ်ငန်းစီမံချက်အရ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စီမံကိန်းကို အမျိုးအစားသုံးမျိုးဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းမှာပါဝင်တဲ့ အိမ်ခြေ ၁၀၁ နှင့်အထက် ကျေးရွာတွေကို  ငွေကျပ် သိန်း ၃၀၀၊ အိမ်ခြေ ၅၁ အိမ်မှ ၁၀၀ ကြားရှိကျေးရွာတွေကို ငွေကျပ်သိန်း ၂၀၀၊ အိမ်ခြေ ၅၀ နှင့်အောက်ကျေးရွာတွေကို ငွေကျပ်သိန်း ၁၀၀ မတည်ရန်ပုံငွေများ ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း၊ မကွေးမြို့နယ်အတွင်းမှာတော့ ငါးဆောင်၊ ညောင်ပင်ကြီး၊ ကွမ်းအုံ(တ)၊ ဖိုလေးလုံး၊ ကန်သစ်၊ ကံကြီးပြား၊ တဲကြီးကုန်း၊ ထန်းပင်စမ်း၊ စည်ပင်သာ၊ စမ်းရိုးကြီး၊ ကြူချောင်းရွာသစ်၊ ကွမ်းအုံ(မြောက်) စသည့် ကျေးရွာ ၁၂ ရွာကို ငွေကျပ်သိန်း ၃၃၀၀  အသုံးပြုကာဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိမှာတော့ စီမံကိန်းမှာပါဝင်တဲ့ ကျေးရွာအားလုံးကို မတည်ရန်ပုံငွေ များ ရာနှုန်းပြည့် ထုတ်ချေးထားပြီးဖြစ်တယ်လို့ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ပြောပြ၍သိရသည်။

 

"စီမံကိန်းဆောင်ရွက်ရာတွင် စီမံကိန်းလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကျေးရွာကော်မတီဝင်များအား သင်တန်းပေးခဲ့ပြီးဖြစ်ပါတယ်၊ နောက်ထပ်လိုအပ်တဲ့ ထောက်ပံ့မှုတွေ၊ သင်တန်းတွေကိုလည်း ဆက်လက်ပို့ချလျက်ရှိပါတယ်၊ ယခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တွေအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးဖြစ်ပါတယ်၊ ဆောင်ရွက်တဲ့အခါမှာလည်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်တွေနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့" မြို့နယ်ဦးစီးမှူးက ဆက်လက်ပြောပြသည်။

 

ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရန်ပုံငွေဖြင့် မကွေးမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၂ ရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၇၁၄ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၅၈ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၃၈ ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၇၇ ဦး စုစုပေါင်း ၁၂၈၇ ဦးကို ငွေကျပ်သိန်း ၃၃၀၀ အား ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)