သံတွဲ ၂၄ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ လူနာတင်ယာဉ်ဖြင့် စက်တင်ဘာ(၂၃)ရက် နေ့တွင် လူနာတင်ယာဉ်ဖြင့် အထောက်အထားမဲ့ ဝင်ရောက်လာသူ(၇)ဦးအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့ မှ စိစစ်တွေ့ရှိသဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉/၃၀(က)ဖြင့် အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး မြို့နယ်ကော်မတီ ထံမှသိရသည်။
ဖြစ်စဉ်မှာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လုံခြုံရေးစည်းကမ်းထိန်းသိမ်းရေးနှင့် စိစစ်ရေး အဖွဲ့ဝင်များသည် စက်တင်ဘာ ၂၃ ရက် မွန်းလွဲ(၁)နာရီတွင် သံတွဲမြို့နယ်၊ညောင်ပင် သာ ကျေးရွာအနီးရှိ အမှတ်(၆၈) ၊ ပူးပေါင်းစစ်ဆေးဂိတ်၌ ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များ နှင့် ခရီးသည်များအား စစ်ဆေးနေစဉ် ဂွမြို့ဘက်မှ ဂွ-သံတွဲကားလမ်းအတိုင်း မောင်းနှင်လာသည့် ယာဉ် အမှတ်-MDY/------- (Nissan Cravan)အမျိုးအစား(Ambulance)အပြာရောင်ယာဉ်အား ရပ်တန့်စစ် ဆေးရာ ယာဉ်မောင်း ဦးဟန်အောင်လတ် (ရန်ကုန်တိုင်းဒေသကြီး၊လသာမြို့နယ်၊ ရဲစခန်း ဝင်းနေသူ) နှင့်ယာဉ်နောက်လိုက် ဦးဝင်းခိုင်(အမှတ်-၈၊ယုဇနလမ်း၊၈-ရပ်ကွက်၊ပုဇွန်တောင်မြို့နယ်)နေ သူတို့(၂)ဦး မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ငပလီမြို့၊ဂျိတ္တောအမှတ်(၁)ရပ်ကွက်နေ ကိုစိုးနေမင်း(၂၄)နှစ်၊ ကိုဉာဏ်ထွန်း(၃၂)နှစ်၊ ကိုကျော်လင်းထွန်း(၂၂)နှစ်၊ ကိုအာကာကျော် (၂၂)နှင့် မဆုရွှေရည် (၂၂)နှစ်တို့ စီးနင်းလိုက်ပါလာကြောင်း စစ်ဆေးတွေ့ရှိရသည်။
စစ်ဆေးချက်အရ အဆိုပါ ယာဉ်မောင်း၊ ယာဉ်မောင်းနောက်လိုက်နှင့် ခရီးသည် (၅)ဦး စုစုပေါင်း(၇) ဦးတို့သည် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန် ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာနမှ စက်တင်ဘာလ(၂၀)ရက်နေ့တွင် ထုတ်ပြန်ထားသည့် အမိန့်အမှတ်- ၁၀၇/၂၀၂၀ အား ဖောက်ဖျက်ပြီး ခရီးသွားလာခွင့်အထောက်အထားတစ်စုံတစ်ရာမပါရှိဘဲ ရန်ကုန်တိုင်း ဒေသကြီး၊ လသာမြို့နယ်မှ ရခိုင်ပြည်နယ်၊သံတွဲမြို့သို့ လာရောက်ခြင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် ၎င်းတို့ အား ငပလီမြို့ရှိ Quarantine Centre သို့ပို့ဆောင်ထားရှိပြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉/၃၀(က)ဖြင့်အရေးယူနိုင်ရေးစီစဉ်ဆောင် ရွက်လျက်ရှိကြောင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်အမှတ်-၁၀၇/၂၀၂၀ တွင် အခြားအရေးပေါ် ကိစ္စရပ်များအတွက် သွားလာရန်ရှိလျှင်ဖြစ်စေ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့သည် တာဝန်ရှိသူ ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှလည်းကောင်း၊ ရပ်ကွက် အတွင်းမှလည်းကောင်း ဝင်/ထွက်ခွင့်မပြုရန် နှင့် ဤအမိန့်ကိုလိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများ အရအရေးယူဆောင်ရွက်မည်ဟုဖော်ပြပါရှိကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်
ဓာတ်ပုံ - အရှင်တေဇိန္ဒ