နေပြည်တော် ၂၄ စက်တင်ဘာ

 

နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ် သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝမှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ် ပုံစံဖြင့် ကျား (၄၅၃၇) ဦး၊ မ (၁၄၇၉၃) ဦး တို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း(၁၉၃၃၀)ဦးချုပ်ဆိုခဲ့ပါသည်။ အလုပ်ရှင်/အလုပ်သမားအငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့များ ကို ဖွဲ့စည်းထားရှိ ဆောင်ရွက်ခဲ့ရာ ၂၀၂၀ပြည့်နှစ်၊ ဩဂုတ် လ အတွင်း လက်ခံရရှိမှု (၁၈၆) မှု တွင်အခြားဌာနသို့ လွှဲပြောင်းမှု (၃) မှု၊ ကျေအေးမှု (၂၆) မှု၊ ခုံသမာဓိအဖွဲ့သို့လွှဲပြောင်းမှု (၂၄) မှု၊ ပိတ်သိမ်းမှု (၂၇) မှု၊ ငွေကြေးအကျိုး ခံစားခွင့် (၆၅) မှု နှင့်လက်ကျန်အမှု (၄၁) မှုတို့ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်ရှိသူ (၄၇၄) ဦး အား ငွေကျပ် ၂၄၇,၂၇၂,၁၃၄.၅၅ နှင့် US$ 4306.28 ကိုခံစားခွင့်ရရှိစေခဲ့သည်။

 

အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများပြည်သူ အလုပ်ပိတ်ရက်အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကိုငွေကြေးဖြင့်ခံစားခွင့်ပေးခြင်း၊ လုပ်အားခ ကျန်ငွေ မရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေးခံစားခွင့်များ ရရှိအောင် ဆောင်ရွက်ပေးခဲ့ရာငွေကြေးခံစားခွင့် ငွေကျပ်သိန်းပေါင်း ၈၁၀၀ ကျော်ကိုခံစားခွင့် ပေးနိုင်ခဲ့သည်။

 

အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအနေဖြင့်အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာ၌ ခုံသမာဓိအဖွဲ့တွင် (၅၂) မှုနှင့်ခုံသမာဓိကောင်စီတွင်(၂၃)မှုကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးမှုအနေဖြင့် အာမခံ အလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ်သိန်း ပေါင်း ၄၅၀၀၀ ကျော် အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံအလုပ်သမား ၁၀၄၉ ဦးအတွက် ဆေးဖိုးကုန် ကျငွေကျပ်သိန်း ၁၀၀၀ ကျော် ပြန်လည်ထုတ်ပေးခဲ့သည်။

 

အာမခံအလုပ်သမားများအား ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လအတွင်း အလုပ်သမား ဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှု အနေဖြင့် အလုပ်သမားဆေးရုံကြီး (၃)ရုံ (ပြင်ပလူနာ၇၁၂၅ ဦး၊ အတွင်းလူနာ၅၁၈ ဦး) ပေါင်း ၇၆၄၃ ဦး၊ လူမှုဖူလုံရေး ဆေးခန်း(၉၆)ခန်း၊ တိုင်းရင်းဆေးခန်း (၁)ခန်း၊ ဌာနကြီးဆေးခန်း (၅၉)ခန်းနှင့် သားဖွား မီးယပ် (OPD) ဝန်ဆောင်မှု စမ်းသပ်ဆောင်ရွက်ပေးလျက်ရှိသည့် ဆေးခန်း(၅)ခန်းအပါအဝင် PPS စနစ် ဖြင့်ဆောင်ရွက်သည့် ဆေးခန်း (၁၄)ခန်းတို့မှ ဆေးကုသပေးမှုအနေဖြင့် ၈၅၄၇၁ ဦး၊ လူမှုဖူလုံရေး ဆေးခန်းများမှ ဆရာဝန်များကွင်းဆင်း ဆေးကုသမှု (၇)ကြိမ်မှ ၉၇ ဦးတို့ကို ဆေးကုသပေး ခဲ့ရကြောင်း သိရသည်။

 

(သတင်းစဉ်)