ရန်ကုန် ၂၅ စက်တင်ဘာ 


၂၀၂၀ပြည့်နှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့အခမ်းအနား (World Maritime Day 2020) ကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌  Virtual Platform မှတစ်ဆင့် Online Celebration အဖြစ် ကျင်းပသည်။


အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အထိမ်းအမှတ်အခမ်းအနားများအား အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) မှ ကြီးမှူး၍ ရေကြောင်းအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေး၊ ရေပြင်ညစ်ညမ်းမှု ကာကွယ်ရေးနှင့် ခတ်မီနည်းပညာများ၊ အလေ့အထများဖြင့် ရေကြောင်းလုပ်ငန်းကဏ္ဍ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်စေရန် အထူးဂရုပြု ဆောင်ရွက်လာနိုင်စေရေးအတွက် အဖွဲ့ဝင်နိုင်ငံများတွင် နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အထိမ်းအမှတ်အတွက် ဆောင်ပုဒ်မှာ “ရေရှည်တည်တံ့ခိုင်မြဲသော ရေကြောင်းကဏ္ဍမှ  ရေရှည်တည်တံ့ခိုင်မြဲသော ကမ္ဘာမြေဆီသို့ (Sustainable Shipping for a Sustainable Planet)” ဟူ၍ဖြစ်ပါကြောင်း၊ IMO နှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကမ္ဘာ့ကုလ သမဂ္ဂ၏ “ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ” (United Nations Sustainable Development Goals) နှင့်ပတ်သက်ပြီး နားလည်သဘောပေါက်မှုကို မြှင့်တင်ပေးနိုင်ရန်နှင့် ၎င်းတို့၏ ဦးတည်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ UN 2030 Agenda မှ ထွက်ပေါ်လာသော မိမိတို့၏ သင်္ဘောလုပ်ငန်း အသိုက်အဝန်းနှင့် သက်ဆိုင်သည့်  ထိရောက်ပြီး ယုံကြည်ရသည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ခေတ်မီစွမ်းအားများကို အသုံးပြုခွင့်ရစေရန်၊ ရာသီဥတု ပြောင်းလဲမှုနှင့် ယင်း၏ဆိုးကျိုးများကို တွန်းလှန်ရန်အရေးကြီးသော ဆောင်ရွက်မှုများကို လုပ်ကိုင်စေရန်၊ သမုဒ္ဒရာများ၊ ပင်လယ်များနှင့် ရေအရင်းအမြစ်များကို ထိန်းသိမ်းရှောက်မှုနှင့် အကျိုးရှိစွာ အသုံးပြုစေရန် လုပ်ငန်းစဉ်များအား ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော အနာဂတ်ဖြစ်တည်မှုအတွက် တွန်းအားပေးလှုံ့ဆော်ရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း။


မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း Myanmar Sustainable Development Plan (MSDP) တွင် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ဝန်ကြီးဌာနများ အားလုံးပူးပေါင်းဆောင်ရွက်နိုင်စေရန် မဏ္ဍိုင်ကြီး (၃) ရပ်၊  ပန်းတိုင် (၅)ရပ်၊ မဟာဗျူဟာ (၂၈) ချက်နှင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (၂၅၁) ချက်ဖြင့် ချမှတ်ဖော်ဆောင်ခဲ့ပါကြောင်း၊ ပို့ဆောင်ရေးကဏ္ဍတစ်ခုလုံးကို  တိုးတက်ဖြစ်ထွန်းနိုင်စေရန်အတွက် ခေတ်မီ၍ ဘေးအန္တရာယ်ကင်းရှင်းသည့် စွမ်းရည်ထက်မြက်မှုနှင့် ပတ်ဝန်းကျင်သဟဇာတဖြစ်စေမည့် “Myanmar National Transport Master Plan” ဖြင့် အကောင်အထည်ဖော် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ အခြားတဖက်တွင်လည်း နိုင်ငံတော်အစိုးရနှင့် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် မြန်မာသင်္ဘောသားများ သင်္ဘောအတက်/အဆင်း အဆင်ပြေစေရန် နှင့် COVID-19 ကူးစက်ရောဂါ ပျံ့ပွားမှုမရှိစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။


ထို့အပြင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်၏ လမ်းညွှန်မှုဖြင့် အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းဥပဒေ မူဘောင်များနှင့်အညီ မြန်မာသင်္ဘောသားများ ကိုင်ဆောင်ထားသော လက်မှတ်များအား Onboard သက်တမ်းတိုးပေးလျက်ရှိပါကြောင်းနှင့် မြန်မာသင်္ဘောသားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် လိုအပ်သော အထောက်အပံ့များပေးရန် သင်္ဘောပိုင်ရှင်များနှင့် သင်္ဘောသား အလုပ်အကိုင်ရှာဖွေရေးဌာန ကိုယ်စားလှယ်များကို တိုက်တွန်း ညွှန်ကြားလျက်ရှိပါကြောင်း၊ ယခုနှစ် ကမ္ဘာ့ပင်လယ် ရေကြောင်းနေ့ ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ကုလသမဂ္ဂ၏  “ရေရှည် တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ” (United Nations Sustainable Development Goals) နှင့်ပတ်သက်၍ နားလည်သဘောပေါက်ပြီး အဆိုပါပန်းတိုင်များနှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲသော ရေကြောင်းကဏ္ဍမှ ရေရှည်တည်တံ့ခိုင်မြဲသော ကမ္ဘာမြေအဖြစ် ဟန်ချက်ညီစွာ ထိန်းသိမ်းကြရန် တိုက်တွန်းပြောကြားသည်။


ထို့နောက် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့အတွက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO)၏ အထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့လာသော သဝဏ်လွှာအား ဖွင့်လှစ်ပြသပြီး၊ မြန်မာနိုင်ငံ၏ ရေကြောင်းဘက်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်ချက်များနှင့် အနာဂတ်ရေကြောင်းဘက်ဆိုင်ရာ လုပ်ငန်းများ စွမ်းဆောင်ရည်မြင့်မားလာစေရေး လေ့ကျင့်ပျိုးထောင်မှုများနှင့် ပတ်သက်၍ Powerpoint Presentation များ ဆက်လက်ပြသပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ မိတ်ဖက်အဖွဲ့အစည်းများ၊ ရေကြောင်းဘက်ဆိုင်ရာ  အသင်းအဖွဲ့များ၊ သင်တန်းကျောင်းများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ သင်္ဘောသားစုဆောင်းခြင်းနှင့် အလုပ်နေရာချထားခြင်း ဝန်ဆောင်မှုလုပ်ငန်းများမှ ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်