ရန်ကုန် ၂၅ စက်တင်ဘာ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် အလှူရှင် ပါမောက္ခ ဒေါက်တာသိန်းမြင့်သူ (သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်ကြီး(ငြိမ်း)က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် အလှူရှင် ပါမောက္ခ ဒေါက်တာ သိန်းမြင့်သူ (သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်ကြီး (ငြိမ်း)နှင့်ဇနီး ဒေါက်တာဒေါ်တိုးရှိန် (မျက်စိအထူးကုဆရာဝန်ကြီး(ငြိမ်း) မိသားစုက အလှူငွေ ကျပ်သိန်း(၅၀)ကို ပေးအပ်လှူဒါန်းရာ ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးနှင့် ပတ်သက်ပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် ဧပြီ ၂၄ ရက်မှစတင်ပြီး ယနေ့အထိ လူဦးရေ သုံးသောင်းကျော်ကို ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်း-မင်းသစ်(MNA)/ ဓာတ်ပုံ-ဇော်မင်းလတ်


