ရန်ကုန် ၂၅ စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် တာဝန်ယူပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများအနေဖြင့် လုပ်ငန်းအရှုံးပေါ်နေသော်လည်း ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် အနစ်နာခံ ပြေးဆွဲပေးလျက်ရှိကြောင်း  သိရသည်။

နေ့စဉ်ပြေးဆွဲလို့ရတယ်ငွေက CNG ဖိုးလောက်ပဲ ပြန်ရပါတယ်။ ကိုဗစ်-၁၉ စဖြစ်တုန်းက လုပ်ငန်းတွေရဲ့ အမြတ်အစွန်းက မရှိတော့ဘူး။ လုပ်ငန်းတွေ ရပ်လိုက်လို့ရှိရင် ယာဉ်မောင်းတွေ အလုပ်အကိုင် အခွင့်အလမ်းဆုံးရှုံးမယ်။ မဖြစ်မနေသွားလာရမယ့် ခရီးသွားတွေ သွားရေးလာရေးခက်မယ်ဆိုပြီး ပထမကိုဗစ်တုန်းကတော့ ပြင်ဆင်စရိတ်တွေ အရှုံးခံပြီး ဆွဲခဲ့တယ်။ လက်ရှိ ဒုတိယအကြိမ်ဖြစ်တော့ ပိုပြီးကြပ်တပ်ဗျ။ ပြင်ဆင်စရိတ်တွေ ရှုံးတယ်၊ ဝန်ထမ်းစရိတ်တွေ ရှုံးတယ်၊ CNG ဖိုးလောက်ပဲရတယ်။ ဒုတိယကိုဗစ်က ပိုပြီးတော့ ကြပ်တည်းတယ်။ သို့သော်လည်း မဖြစ်မနေ သွားရေးလာရေးအတွက် သယ်ယူပို့ဆောင်ပေးနေရတဲ့ လုပ်ငန်းတွေဖြစ်တော့ ခုချိန်ထိတော့ တောင့်ခံပြီးဆွဲနေတုန်းပဲဟု Power Eleven ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီကာလဖြစ်သော ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ ဘတ်စ်ကား တစ်စီးလျှင် ပျမ်းမျှ လူဉီးရေ ၅၅၀ ခန့် တင်ဆောင်ပြေးဆွဲခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်ကာ ခရီးသည်ဦးရေကျဆင်းခဲ့ပြီး ဇွန်လနှင့် ဇူလိုင်လတို့တွင် ခရီးသွားဦးရေ အနည်းငယ်ပြန်လည်တိုးတက်ခဲ့ကာ ဩဂုတ်လကုန်ပိုင်းတွင် ပြန်လည်ကျဆင်းခဲ့ပြီး ယခုစက်တင်ဘာလတွင် ကားတစ်စီးလျှင် တစ်နေ့ပျမ်းမျှလူဦးရေ ၁၅၀ ခန့်သာ စီးနင်းတော့ကြောင်း သိရသည်။

ယာဉ်လိုင်းများအနေဖြင့် လုပ်ငန်းလည်ပတ်ရာတွင် စက်သုံးဆီ CNG အသုံးစရိတ်များ၊ ယာဉ်မောင်းများ၏ နေ့စဉ် လုပ်အားခများ၊ ဝန်ထမ်းစရိတ်များ၊ မော်တော်ယာဉ်ပြုပြင်စရိတ်များပါ ထည့်သွင်းတွက်ချက်ရကြောင်း သိရသည်။ ခရီးသည်တင် YBS ယာဉ်တစ်စီး၏ တစ်နေ့သုံးစွဲရသည့် စက်သုံးဆီ CNG စရိတ်မှာ ကျပ်သုံးသောင်းဝန်းကျင်ခန့် ကုန်ကျကြောင်း သိရသည်။ Power Eleven ကုမ္ပဏီလက်အောက်တွင် YBS 21, YBS 39, YBS 41 ယာဉ်လိုင်းများရှိပြီး မော်တော်ယာဉ်အစီးရေ ၂၅၀ ဝန်းကျင်ခန့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ စက်တင်ဘာ ၂၄ ရက်တွင် YBS ပြေးဆွဲလမ်းကြောင်းပေါင်း ၁၂၄ လိုင်းမှ မော်တော်ယာဉ်အစီးရေ ၁၂၈၄ စီးဖြင့် ခရီးသည်ပေါင်း ၁၇၀၀၀၀ ကျော်ကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်) ဓာတ်ပုံ - Power Eleven