ချင်းရွှေဟော် ၂၅ စက်တင်ဘာ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ကုန်များတင်သွင်းမည့် ကုန်တင်ယာဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းမှ စတင်၍ ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရန်အတွက် စက်တင်ဘာ ၁၈ ရက်မှ ၂၂ ရက်အထိ ယခင်က သွားလာခွင့်ပြုထားသည့် ကုန်တင်ယာဉ်များအား ဝင်ရောက်ခွင့် ခေတ္တယာယီ ကန့်သတ်ထားကြောင်းနှင့် ဒေသအခြေအနေပေါ်မူတည်၍ ထပ်မံဖြေလျော့ခြင်း (သို့မဟုတ်) တိုးမြှင့်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ထုတ်ပြန်အသိပေးကြေညာခဲ့သည်။
သို့ဖြစ်ပါ၍ ယခုအချိန်၌ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ဝင်ရောက်လာသည့် ကုန်တင်ယာဉ် ယာဉ်မောင်းများကို တိုက်ရိုက်ဝင်ခွင့် မပြုသေးဘဲ ချင်းရွှေဟော်မြို့ အဝင်သံတံတားဂိတ်တွင် ရပ်တန့်စေ၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပြီး မော်တော်ယာဉ်များကို ပိုးသတ်ဆေးပက်ဖျန်းခြင်း၊ PPE ဝတ်စုံ ဝတ်ဆင်ထားသည့် ယာဉ်မောင်းဖြင့် အစားထိုးလဲလှယ်ကာ ချင်းရွှေဟော် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်၊ နမ့်ဖာဟော်တံတားပေါ်အထိ မောင်းပို့၍ ထိုမှတစ်ဆင့် တရုတ်နိုင်ငံသား ယာဉ်မောင်းများက ၎င်းတို့၏ နိုင်ငံအတွင်းသို့ မြန်မာနိုင်ငံဘက်မှ ကုန်တင်ယာဉ်များအား ဆက်လက်မောင်းနင် ပို့ဆောင်ပေးပြီး ယာဉ်မောင်းအစားထိုးစနစ်ဖြင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်းမရှိစေရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
ထိုသို့ ချင်းရွှေဟော်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ကုန်များတင်သွင်းမည့် ကုန်တင်ယာဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပြီး ယာဉ်မောင်းအစားထိုးစနစ်ဖြင့် မြန်မာနိုင်ငံမှ နှမ်း၊ မြေပဲ၊ ပဲတီစိမ်းများ စသည်တို့ တင်ဆောင်လာသည့် ပို့ကုန်တင်ယာဉ်များမှာ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းမှ ယနေ့အချိန်အထိ ကုန်တင်ယာဉ်စီးရေ (၄၀)စီးခန့် တရုတ်နိုင်ငံသို့ ဝင်ရောက်ခဲ့ကြောင်း ချင်းရွှေဟော်နယ်စပ်စစ်ဆေး ရေးစခန်းမှ တာဝန်ရှိသူတစ်ဉီးထံမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)


