မိုးညှင်း ၂၇ စက်တင်ဘာ

မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းဒေသများ၌ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမှာသာရှိသည့် မြန်မာ့ရေချို ငါးမျိုးစိတ်သစ်များကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာ၀အပင်အဖွဲ့(မြန်မာ) FFI မှ သိရသည်။

ငါးလုပ်ငန်းဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်နေသော အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာ၀အပင်အဖွဲ့(မြန်မာ) FFI သည် မြန်မာနိုင်ငံ၏ ငါးသယံဇာတထိန်းသိမ်းရန်နှင့် မြန်မာ့ငါးမျိုးစိတ်များစာရင်းကို ပြုစုနိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ပညာရှင်များ၊ ဒေသတွင်းတက္ကသိုလ်များမှ ပညာရှင်များနှင့်အတူ ပူးပေါင်းလေ့လာခဲ့ရာ မြန်မာ့မြစ်ချောင်းများမှ သိပ္ပံအတွက် မျိုးစိတ်အသစ်များနှင့် ရှားပါးမျိုးစိတ်များကို နေရာဒေသအလိုက် မှတ်တမ်းတင်နိုင်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ လေ့လာမှတ်တမ်းတင်မှုများ ဆောင်ရွက်မှုနှင့်ပတ်သက်၍  အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာ၀အပင်အဖွဲ့(မြန်မာ) FFI မှ ရေချို၊ ရေငန်ထိန်းသိမ်းရေးအစီအစဉ် မန်နေဂျာ ဦးဇော်လွန်းက “မေခ၊ မလိခမြစ်တွေမှာ ငါးမျိုးစိတ် ၄၆ မျိုး၊ အင်းတော်ကြီးဒေသမှာ ၉၅ မျိုး၊  ဧရာဝတီမြစ်မှာ ၁၁၆ မျိုး၊ တနင်္သာရီမြစ်မှာ ၁၁၃ မျိုး၊ လေညာမြစ်မှာ ၅၄ မျိုး တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အသစ်တွေ့ရှိရတဲ့ ငါးမျိုးစိတ်သစ် ၁၀ မျိုးကို  သိပ္ပံအမည်သစ်တွေပေးပြီး အပြည်ပြည်ဆိုင်ရာ သိပ္ပံစာစောင်တွေမှာ ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုမျိုးစိတ်သစ်အဖြစ် သတ်မှတ်ခံရသည့် ငါးမျိုးစိတ်များသည် ငါးသလဲထိုးအုပ်စုဝင်နှင့် တောင်ပေါ်ရေစီးသန်သော ချောင်းများရှိ ကျောက်များတွင် ကပ်လျက်ရှင်သန်နေထိုင်နေသည့် ငါးစင်ရိုင်းပုံသဏ္ဌာန်  ရေချိုငါးမျိုးစိတ်များဖြစ်ပြီး မေခနှင့်မလိခမြစ်များမှ လေးမျိုး၊ အင်းတော်ကြီးဒေသမှ လေးမျိုး၊ တနင်္သာရီမြစ်မှ တစ်မျိုးနှင့် သံလွင်မြစ်ဝှမ်းမှတစ်မျိုးတို့ ဖြစ်ကြောင်း၊ ကမ္ဘာပေါ်၌ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းတွင်သာရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ ရေချိုမြစ်ချောင်းများတွင်သာ တွေ့နိုင်သော ဒေသရင်း မျိုးစိတ်များဖြစ်သည့် အင်းတော်ကြီးဒေသမှ မိကြောင်းသွားကြားထိုးတံငါး (Microphis dunckeri)နှင့် ချင်းတွင်း ရေချိုငါးလိပ်ကျောက် (Makararaja chindwinensis) တို့ကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာ့ရေချိုငါးလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြစ်ချောင်းများအတွင်း နေထိုင်ကျက်စားသည့် ငါးသယံဇာတတို့၏စာရင်းကို မှတ်တမ်းတင်ရန်လိုအပ်ကြောင်း၊ သို့မှသာလျှင် မည်သည့်မြစ်၊ ချောင်းများတွင် မည်သည့်ငါးအမျိုးအစားများ ရှင်သန်ကျက်စားနေကြောင်း သိရှိကာ အဆိုပါငါးအမျိုးအစားများ မပျောက်ကွယ်သွားစေရန် ထိန်းသိမ်းစောင့်ရှောက်နိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် ငါးများအတွက် အရေးပါသော ငါးနေငါးထိုင်နေရာများကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ပြီး ဒေသခံများနှင့် ပူးပေါင်းထိန်းသိမ်းသော ရေချိုငါးထိန်းသိမ်းရေးရေပြင် (Locally Managed Freshwater Area-Fish Conservation Zone)များ တည်ထောင်နိုင်ရန်အတွက် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနများနှင့်အတူ ပူးပေါင်းပြီး ဒေသခံများနှင့် ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် Indo-Burma Biodiversity Hotspot ခေါ် အင်ဒို-မြန်မာ အရေးပါသော ဇီဝမျိုးစုံ မျိုးကွဲနေရာတွင် တည်ရှိပြီး ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲအရ အရေးပါသောနေရာ အဓိကနေရာ ၁၀နေရာထဲတွင် အပါအဝင်ဖြစ်ကြောင်း၊ ဒေသမျိုးရင်း သတ္တဝါနှင့်အပင်များ၊ ကမ္ဘာပေါ်တွင် ရှားပါးသောသတ္တဝါများ၊ အပင်များနှင့် ၎င်းတို့ရှင်သန်နေထိုင်ရန်အတွက် ကောင်းမွန်သောနေရာများ တည်ရှိနေသေးသောနေရာများ ရှိနေမှသာလျှင် Biodiversity Hotspot ခေါ် ဇီဝမျိုးစုံမျိုးကွဲများအတွက် အရေးပါသောနေရာများအဖြစ် သတ်မှတ်ကြောင်း၊ သို့ဖြစ်၍ အင်ဒို-မြန်မာ အရေးပါသော ဇီဝမျိုးစုံမျိုးကွဲနေရာထဲတွင် ပါဝင်သော မြန်မာ့ရေမြေတောတောင်တို့တွင် သတ္တဝါနှင့်အပင် အမျိုးအစားစုံလင်စွာ ပေါက်ရောက်ကျက်စားနေကြကြောင်း၊ ဧရာဝတီမြစ်၊ မေခမြစ်၊ မလိခမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ တနင်္သာရီမြစ်၊ ကုလားတန်မြစ်ကြီးများနှင့်အတူ ၎င်းမြစ်ကြီးများအတွင်း စီးဝင်နေသော မြစ်လက်တက်များသည် မြန်မာ့ရေချိုငါးများအတွက် လွန်စွာအရေးပါသော ငါးနေငါးထိုင်နေရာများဖြစ်ကြောင်း၊ အဆိုပါမြစ်ကြီးများနှင့် မြစ်၊ ချောင်းလက်တက်များကို အမှီပြု၍ မြန်မာ့ရေချိုငါးများသည် အစုန်အဆန် ကူးခတ်သွားလာနေကြပြီး မြန်မာလူမျိုးများအတွက် ငါးဖမ်းလုပ်ငန်း၊ ၎င်းမှတစ်ဆင့် မြန်မာလူမျိုးများ၏ အဓိကအာဟာရဓါတ်ဖြစ်သော ငါးပိ၊ ငံပြာရည်နှင့်အတူ ရေချိုငါးလုပ်ငန်းကဏ္ဍမှ နိုင်ငံအတွက် အခွန်ဘဏ္ဍာများရစေရန် ပံ့ပိုးပေးလျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာ၀အပင်အဖွဲ့(မြန်မာ) FFI မှ သိရသည်။

သတင်း-ပိန်းဇလုပ်သိန်းညွန့်၊ ဓာတ်ပုံ-FFI