နေပြည်တော် ၂၇ စက်တင်ဘာ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၆ ရက် ညနေ ၄ နာရီတွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ငွေဆင်အိမ်ရာနေ ရင်ကွယ်ရှိုင်၏ ဂိုဒေါင်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀၊ စိတ်ကြွရူးသွပ်ဆေးပြား ရိုက်တံမို ချောင်း ၈၀၊ Tartaric Acid ကီလို ၇၅၀၊ Theophylline ကီလို ၁၁,၅၀၀၊ အရိုးမီးသွေးကီလို ၁,၀၀၀၊ Dimethyl Carbonate လီတာ ၂,၄၀၀၊ Phosphoric Acid 10 Percent လီတာ အရည် ၆၄၀ နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ စုစုပေါင်း ငွေကျပ် ၅,၀၆၂ ဒသမ ၆ သိန်းတန်ဖိုးကို လည်းကောင်း။
အလားတူ စက်တင်ဘာ ၂၆ ရက် ညပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွား ကားလမ်း၊ နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုး ဂိတ်အနီးတွင် အိုက်စိုင်း မောင်းနှင်ပြီး မခင်မြိုင်(ခ)အေးနွမ်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား