နေပြည်တော် ၂၇ စက်တင်ဘာ
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများအား စိတ်ဓါတ်ခွန်အားမြှင့်တင်ပေးခြင်းနှင့် စိတ်လူမှုစောင့်ရှောက်မှုပေးခြင်း သင်တန်းကို ယနေ့နံနက်ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကာကွယ်နိုင်ရန် ထိန်းချုပ်ရေးလုပ်ငန်းစဉ်သည် အဓိကကျပါကြောင်း၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွင် အားလုံးက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိန်းချုပ်ရေး ဆောင်ရွက်ရာတွင် အကန့်အသတ်ဖြင့် နေထိုင်ရခြင်းရှိမည်ဖြစ်ကြောင်း၊ သို့မှသာ ရောဂါကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများ၊ ပရဟိတ အဖွဲ့များသည် ရောဂါကူးစက် ပြန့်နှံ့မှုနှင့်ပတ်သက်၍ ထိန်းချုပ်ရာတွင် အဓိကပါဝင်ကူညီ ဆောင်ရွက်ကြရသူများဖြစ်ကြောင်း၊ ထိုသူများအနေဖြင့် မိမိတို့ကိုယ်တိုင် ရောဂါပိုးကူးစက် ခံရမှုမရှိစေရေးနှင့် မိမိမှတစ်ဆင့် အခြားသူများကို ကူးစက်မှုမရှိရေးသည် အရေးကြီးပါကြောင်း။
ထို့ကြောင့် ရောဂါထိန်းချုပ်ရေးတွင် ပါဝင်ဆောင်ရွက်ကြသည့် သူများအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိနှင့်သတိ ကောင်းစွာရှိရန် လိုအပ်ပါကြောင်း၊ ထိန်းချုပ်ရေးတွင် ပါဝင်ဆောင်ရွက်ကြသူများအတွက် ပံ့ပိုးရန်လိုအပ်ချက်များ၊ အချိတ်အဆက်မိစေရန် စီမံအုပ်ချုပ်မှုများ၊ ရောဂါပိုးကူးစက်ပြန့်နှံ့ စေနိုင်သည့် အခြေအနေများ မဖြစ်ပေါ်စေရေးကို အားလုံးက ဝိုင်းဝန်းညှိနှိုင်း၊ အဖြေရှာကြရန်လိုပါကြောင်း၊ ထိုကြောင့် မိမိတို့စေတနာ့ ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် မြေပြင်တွင် လက်တွေ့ကူညီ ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်းများနှင့် ဝိုင်းဝန်းဆွေးနွေးအဖြေရှာ၊ ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တာဝန်ယူဆောင်ရွက်နေသည့် လူမှုရေးဝန်ကြီးများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များ၊ အချိတ်အဆက် မိမိစီမံဆောင်ရွက်နိုင်ရန် ကိစ္စများကို ဆွေးနွေး၊ ညှိနှိုင်း၊ အဖြေရှာခဲ့ပါကြောင်း၊ ထိုလိုအပ် ချက်များကို မိမိတို့အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် အတတ်နိုင်ဆုံး၊ အလျင်မြန်ဆုံး ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်းများ ကိုယ်တိုင်ကလည်း ရောဂါကူးစက်ခံရမည်ကို စိုးရိမ်စိတ်ရှိမည် ဖြစ်ကြောင်း၊ မိမိတို့အပါအဝင် လူတိုင်းက ဤရောဂါကူးစက်ခံရမည်ကို စိုးရိမ်စိတ်ရှိကြပါကြောင်း၊ မိမိကူးစက်ခံရပါက မိမိ၏ မိသားစု၊ ပတ်ဝန်းကျင်ကို ကူးစက်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်ဦးချင်းစီက မိမိကိုယ်ကို ကူးစက်မခံရအောင် ထိထိရောက်ရောက် စနစ်တကျ ကာကွယ်နိုင်လျှင် တစ်နိုင်ငံလုံး ပြန့်ပွားခြင်းမှ ကာကွယ်နိုင်ပါကြောင်း၊ Quarantine Center များတွင် တာဝန်ယူဆောင်ရွက်ကြရသည့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များအတွက် အရည်အသွေးကောင်းသော ကျန်းမာရေး အကာအကွယ်ပစ္စည်းများ လုံလောက်စွာရရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အတွက် အစိုးရအနေဖြင့် အတတ်နိုင်ဆုံး စာရင်းဇယားများ အတိအကျကောက်ယူ၍ ကြိုးစားဖြည့် ဆည်းပေးနေပါကြောင်း၊ ယခုလို အပ်ချက်များမှာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များဖြစ်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်အနေဖြင့် စိုးရိမ်မှု၊ ကြောက်ရွံ့မှု၊ သံသယစိတ်များ ဖြစ်ကြမည်ဖြစ်ပါကြောင်း။
နေ့စဉ်တာဝန်များ ဆောင်ရွက်ကြရာတွင် တစ်ဖက်မှ စိတ်ဓါတ်တက် ကြွနေသလို တစ်ဖက်မှာလည်း စိုးရိမ်သောကများ ဖြစ်ကြမည်ဖြစ်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုသည် မဖြစ်မနေလိုအပ်လာပါကြောင်း၊ ထို့အတွက် ယနေ့သင်တန်းကို စီစဉ်ပေးခြင်းဖြစ်ပြီး စိတ်ဓါတ်မြှင့်တင်ခြင်းနှင့် စိတ်လူမှုဆိုင်ရာတွင် ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြရာတွင် မေတ္တာစိတ်၊ ကိုယ်ချင်းစာစိတ်၊ သည်းခံစိတ်၊ ယုံကြည်စိတ်များ လျော့နည်းမသွားဘဲ ပိုပြီးစည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုပါကြောင်း၊ ယခုလိုစိတ်လူမှုရေး ဆိုင်ရာပံ့ပိုးမှုသင်တန်းများ ဆောင်ရွက်ပေးခြင်းဖြင့် သည်းခံစိတ်၊ မေတ္တာစိတ်၊ ကိုယ်ချင်းစာ စိတ်၊ ယုံကြည်စိတ် ပိုမိုများပြားပြီး ပိုမိုရိုင်းပင်း ကူညီနိုင်သည့် ညီညွတ်သော အင်အားများရ ရှိလာမည်ဟု မျှော်လင့်ပါကြောင်းနှင့် လူတစ်ဦးချင်းစီ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ရလျှင် တစ်နိုင်ငံလုံး ကာကွယ်နိုင်သည့်အဆင့်ကို ရောက်ရှိသွားမည်ဖြစ်၍ ကိုဗစ်-၁၉ ရောဂါ စိန်ခေါ်မှုကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စိတ်လူမှုရေးကျွမ်ကျင်ပညာရှင် ဒေါက်တာအေးမြတ်လွင်က “မိမိကိုယ်မိမိ စိတ်ခံစားချက်အပေါ် ဆန်းစစ်ခြင်း” ဒေါက်တာသက်တင်ထွန်းက “စိတ်ဖိစီးမှုအပေါ် ကိုယ်တိုင်ဖြေလျော့ခြင်း” ဒေါက်တာမြတ်သူစံက “တစ်ဦးချင်းအားပေးခြင်းနှင့် ဝိုင်းဝန်းအားပေးခြင်း” နှင့် ဒေါက်တာမေပြုံးမြင့်က “လိုအပ်ချက်ရှိပါက စနစ်တကျလွှဲပြောင်းပေးခြင်း” ခေါင်းစဉ်များဖြင့် ဆွေးနွေးတင်ပြကြသည်။
အဆိုပါသင်တန်းကို စက်တင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ တစ်နေ့လျှင် အချိန်(၂)နာရီခန့် ဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း (၅၀၀)ခန့် သတ်မှတ်ရက်များအလိုက် တက်ရောက်သွားမည်ဖြစ်သည်။
ထို့ပြင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် စေတနာ့ဝန်ထမ်း သင်တန်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၃ ရက်မှ ၂၆ ရက်အထိ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ စေတနာ့ဝန်ထမ်းအသစ် (၇၇)ဦးတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်များ အသင်းတို့မှ ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမများက Online စနစ်ဖြင့် သင်တန်းများ ပို့ချပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်