ကျောက်ဆည် ၂၈ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ ငါးစားသုံးခြင်းဖြင့် ကိုယ်လက်ကြံ့ခိုင်သန်မာရေး ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ မျိုးရိုးဗီဇမြှင့်တင်ထားသော ငါးခုံးမကြီး သားပေါက်ကောင်ရေ ၇၅၀၀၀ အား ယနေ့နံနက်(၈)နာရီက ပွတ်တိုင်ကျေးရွာအုပ်စု၊ ငါးလုံးကုန်းကျေးရွာ တောင်သူ(၂၀)၏ စပါးစိုက်ဧက (၅၀)တွင် စိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစေရန်၊ ဒေသတွင်း ငါးသယံဇာတ ပေါများလာစေရန် နှင့် စပါးခင်းများ ကောင်းမွန်ဖြစ်ထွန်းပြီး ထွက်နှုန်းကောင်းကာ ဝင်ငွေပိုမိုတိုးတက်စေရေးအတွက် ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဝင်း၏ ကြီးကြပ်မှုဖြင့် ကူမဲငါးလုပ်ငန်းစခန်း တာဝန်ခံ ဦးစောအောင်ကိုလတ်၊ ဒု-ဦးစီးမှူး ဒေါ်စပယ်လှိုင်နှင့် ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်နှင့် ဒေသခံတောင်သူများ ပူးပေါင်းကာ ငါးလုံးကုန်းကျေးရွာ တောင်သူ ဦးခင်မောင်ထွန်းနှင့်တောင်သူ(၂၀)တို့၏ စပါးစိုက်ခင်းဧက(၁၅၀) တွင် ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးမျိုးပြုန်းတီးမှုမရှိစေရေးနှင့် ငါးသယဇာတ တိုးပွားစေရေးအတွက် ငါးသားပေါက်မျိုးများကို မြစ်များ၊ ချောင်းများ၊ ဆည်များ နှင့် စပါးခင်းများအတွင်း စိုက်ထည့်ပေးလျက်ရှိရာ ယခုစိုက်ထည့်ပေးခြင်းသည် (၈)ကြိမ်မြောက် စိုက်ထည့်ပေးခြင်း ဖြစ်ကြောင်းလည်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)