(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၈ ရက်)

‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

အောက်ပါအပြုအမူများပြုလုပ်ပါက လူတစ်ဦးတွင် COVID-19 ရောဂါပိုးရှိနေပါက အခြားသူများထံ ရောဂါကူးစက်ခံရနိုင်ချေ များပြားပါသောကြောင့် တတ်နိုင်သမျှ ရှောင်ကြဉ်ကြပါရန် တိုက်တွန်းအပ်ပါသည် -

ဝိုင်းဖွဲ့သီချင်းဆိုခြင်းနှင့် လူအများစုဝေးကာ ကာရာအိုကေသီချင်းဆိုခြင်း၊

ရုံး၊ စက်ရုံ၊ အလုပ်ရုံနှင့် ဆေးရုံများတွင် ဝိုင်းဖွဲ့စားသောက်ခြင်း၊

စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အဖျော်ယမကာဆိုင်၊ ညစာစားပွဲ၊ မိတ်ဆုံစားပွဲ၊ မွေးနေ့ပွဲ၊ အလှူပွဲများ စသည်တို့တွင် ဝိုင်းဖွဲ့စကားပြောဆိုခြင်းနှင့် စားသောက်ခြင်း၊

ဈေးနှင့် ဈေးဝယ်စင်တာများတွင် လူအများတိုးဝှေ့ ဝယ်ယူခြင်းနှင့် အချိန်ကြာမြင့်စွာ လှည့်လည် ဝယ်ယူခြင်း၊

တန်ဖိုးကြီး လက်ဝတ်ရတနာများနှင့် ပစ္စည်းများဝယ်ယူရန် ရွေးချယ်ရာတွင် လူအများ အချိန်ကြာမြင့်စွာ အနီးကပ်ထိတွေ့ခြင်း၊

အလှပြင်ဆိုင်နှင့် ဆံပင်ညှပ်ဆိုင်များတွင် တစ်ဦးနှင့်တစ်ဦး အချိန်ကြာမြင့်စွာ အနီးကပ်ထိတွေ့ခြင်း၊

လူအများအခန်းတစ်ခုတည်း၌ နီးကပ်စွာ စုပေါင်းအိပ်စက်ခြင်း၊

ဘတ်စ်ကားများနှင့် အဝေးပြေးယာဉ်များ စီးနင်းရာတွင် ပါးစပ်နှင့်နှာခေါင်းစည်းစနစ်တကျမတပ်ဆင်ခြင်း၊ အချိန်ကြာမြင့်စွာ လူအများတိုးဝှေ့ကြပ်တည်းစွာ စီးနင်းခြင်းနှင့် လူအများကိုင်တွယ်ထားသည့် လက်ကိုင်၊ လက်ရမ်းများကို ကိုင်တွယ်ပြီး လက်မဆေးဘဲ မျက်နှာနှင့် နှာခေါင်းတို့ကို ကိုင်တွယ်ခြင်း။

(မှတ်ချက်။ ။ အခြားသော ရောဂါကူးစက်နိုင်ချေများပြားသည့် လူစုလူဝေးဖြင့်ပြုလုပ်သော ပွဲလမ်းသဘင်များ၊ အခမ်းအနားများ၊ သင်တန်းများ၊ ဝတ်ပြုဆုတောင်းပွဲများ၊ တရားပွဲများစသည်တို့ကို ယခုကာလအတွင်း ခွင့်မပြုကြောင်း အမိန့်ကြေညာစာများဖြင့် ထုတ်ပြန်ထားပြီးဖြစ်ပါသည်။)

ပြည်ထောင်စုဝန်ကြီး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန