လေရှီး ၂၉ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဆွမ္မရာမြို့နှင့် ကျေးရွာများ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းသူများကို အိမ်တိုင်ရာရောက် ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးလှဆိုင်းထံမှ သိရသည်။
လေရှီးမြို့နယ် ဆွမ္မရာမြို့တွင် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၁၃ ဦး၊ ကူကီးကျေးရွာတွင် ကိုး ဦး၊ ဖွန်သရက်နှင့် ဒိန်းကလိန်းတွင် ခုနှစ်ဦးစီ၊ ဟိန်ကွတ်တွင် ခြောက် ဦး၊ ပန်ဆပ်နှင့် ထိန်းဖာရံတွင် လေးဦးစီ၊ ကုံကိုင်လုံတွင် သုံးဦး၊ လှန်လှိုင်လှတွင် နှစ်ဦးနှင့် ရန်နွေးနှင့် နမိယူပီကျေးရွာတွင် တစ်ဦးစီ တို့ကို ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာအတွက် တစ်လလျှင်ငွေကျပ်တစ်သောင်းနှုန်းဖြင့် လူမှုရေးပင်စင် သုံးသောင်း ထောက်ပံ့ပေးခဲ့သည်။

ဆက်လက်၍ မသန်စွမ်းသူများအား ထောက်ပံ့ပေးရာ ဆွမ္မရာမြို့တွင် မသန်စွမ်းသူ လေးဦး၊ ပန်ဆပ်ကျေးရွာတွင် ၂၂ ဦး၊ ရန်နွေးကျေးရွာတွင် ခုနှစ် ဦး၊ ဒိန်းကလိန်းကျေးရွာတွင် ခြောက် ဦး၊ ချယ်ရာ ကျေးရွာတွင် သုံးဦး၊ လေယုံကျေးရွာနှင့် ဟိန်ကွတ်ကျေးရွာတို့တွင် မသန်စွမ်းသူနှစ်ဦးစီတို့ကို ငွေကျပ် သုံးသောင်းစီ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းကို လေရှီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးနှင့် စီမံကိန်းဦးစီးမှူး ဦးသန်းဇော်၊ လူမှုဝန်ထမ်းဦးစီးဌာနမှူးနှင့် ရုံးဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)