နေပြည်တော် ၂၉ စက်တင်ဘာ
ချောင်းဦးမြို့နယ် ဆူးလေကုန်းကျေးရွာနှင့် ရွှေဒါးကျကျေးရွာများတွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်“ (CERP) အရ စိုက်ပျိုးထားရှိသည့် မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများတွင် မျိုးကွယ်ပယ်ခြင်း၊ ပေါင်းနုတ်ခြင်း၊ ပိုမွှားရောဂါ ကင်းထောက်ခြင်းနှင့် စိုက်ကွက်များ အောင်မြင်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးရေးပညာရှင် ကွင်းတာဝန်ခံများက စိုက်ကွင်းများအတွင်း လက်တွေ့သရုပ်ပြ ရှင်းလင်းခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ယနေ့ နံနက်ပိုင်းက တောင်သူ ဦးဝင်းနိုင်ဦး၏ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်း၌ (Yellow Trap) အဝါရောင်ထောက်ချောက်များ အသုံးပြု၍ ပိုးမွှားကင်းထောက်ခြင်းလုပ်ငန်းကို စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာ ကွင်းတာဝန်ခံများက လက်တွေ့သရုပ်ပြ ရှင်းလင်းဆွေးနွေးကြရာ ရွှေဒါးကျကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ မျိုးစေ့ထုတ်တောင်သူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီမှူး ဦးဝင်းလှိုင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြပြီး ကွင်းတာဝန်ခံများ၊ တောင်သူများနှင့် တွေ့ဆုံ၍ ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်စေရေးအတွက် စိုက်ပျိုးရေးနည်းပညာရပ်ဆိုင်ရာ ဆောင်ရွက်ဖွယ်ရာများနှင့် ဝန်ထမ်းများ တောင်သူများ တစ်ဦးချင်းစီ၏ ကျန်းမာရေးဆိုင်ရာ ဂရုပြလိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
RS to CS မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းများတွင် မျိုးကွဲများ၊ ပေါင်းများ ပါဝင်မှုမရှိစေရန်၊ ပိုးမွှားရောဂါကျရောက်မှု မရှိစေရန်၊ ပင်ပွားစုံချိန် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ၊ ပိုးမွှားများကျရောက်မှု အခြေအနေအား အပတ်စဉ်ပုံမှန် ကင်းထောက်နိုင်ရေးအတွက် အဝါရောင်ထောက်ချောက်များကို စိုက်ထူးခြင်း၊ မြေဩဇာအချိုးကျ မှန်ကန်စွာ အသုံးပြုတတ်စေရေး၊ သဘာဝမြေဩဇာများ ကိုယ်တိုင်ပြုလုပ် သုံးစွဲနိုင်ကြစေရေးအတွက် ယနေ့လက်တွေ့ သရုပ်ပြ ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာဝန်ထမ်းများနှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ ဆူးလေကုန်းကျေးရွာ၊ ရွှေဒါးကျကျေးရွာ တောင်သူများ၏ CERP မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်းများတွင် ပိုးမွှားရောဂါကျရောက်မှု မရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ မျိုးကွဲပယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး စိုက်ပျိုးရေးဆိုင်ရာ နည်းညာနှင့် အကူအညီများလိုအပ်ပါက ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန နည်းပညာ ပေးစင်တာများမှ ဝန်ထမ်းများနှင့် ဆက်သွယ်နိုင်ရန် လိပ်စာကတ်များနှင့် စိုက်ပျိုးရေး Call Center ဖုန်းနံပါတ်များ အွန်လိုင်းလိပ်စာများ လက်ကမ်းစာစောင်များ၊ ကျန်းမာရေး နှာခေါင်းစည်း Mask များကို စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းများက တောင်သူများအား ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ညီညီသန်း(နေပြည်တော်)