နေပြည်တော် ၂၉ စက်တင်ဘာ

လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမဆောင်မှ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်နေပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် မိမိတို့ တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်ရန်လိုပါကြောင်း၊ ယခုအခါ တစ်နိုင်ငံလုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ်နေပါသဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို အထူးအလေးထားလိုက်နာရန် လိုပါကြောင်း၊ သဘာဝ‌‌ဘေးဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများ အမြန်ပြန်လည်ပြုပြင်ပေးရန် လိုပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန် တာဝန်ရှိသူများက အမြဲမပြတ်စစ်ဆေးပေးရန်လိုပါကြောင်း၊  ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းဆောင်ရွက်မှု၊ လုပ်ငန်းတိုးတက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက တိုင်းဒေသကြီး/ပြည်နယ်အတွင်း မိမိတို့ တာဝန်ယူဆောင်ရွက်သော လုပ်ငန်းများ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ အချိန်မီပြီးစီးရန်အတွက် အထူးအလေးထား ဆောင်ရွက်ရန်လိုပါကြောင်း၊ ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုပါကြောင်း၊ လမ်း၊ တံတားများ တည်ဆောက်ရေးလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ် အစိုးအရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် ကချင်ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ချင်းပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ကယားပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ရခိုင်ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးတို့က လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းတိုးတက်မှုနှင့် လုပ်ငန်းပြီးစီးမှုတို့ကို လည်းကောင်း၊ လုပ်ငန်းခွင်များတွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြပြီး လုပ်ငန်းဆောင်ရွက်မှုနှင့် လုပ်ငန်းပြီးစီးမှုတို့ကို Video  Clip ဖြင့် ပြသသည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများ၏ ရှင်းလင်းတင်ပြချက်များအပေါ် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်တို့က လုပ်ငန်းလိုအပ်ချက်များ အကြံပြု ဖြည့်စွက် ဆွေးနွေးတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြအိမ်ရာကဏ္ဍနှင့် ကျေးလက်လမ်း/တံတားများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရန် လိုအပ်သလို စံချိန်စံညွှန်း အရည်အသွေးကောင်းမွန်ရန် လိုပါကြောင်း၊ လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ကုန်စည်စီးဆင်းမှုများ သွက်လက်မြန်ဆန်လာမည် ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေး တာဝန်ရှိသူ အဆင့်ဆင့်က အမြဲမပြတ် ကြီးကြပ်ဆောင်ရွက်ပေးစေလိုကြောင်း၊ အခါအားလျော်စွာ ရုံးချုပ်မှ ညွှန်ကြားချက်များကိုလည်း လိုက်နာရန်လိုပါကြောင်း၊ ပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ မမျှော်လင့်သော ဘေးအန္တရာယ်အမျိုးမျိုး ကြုံတွေ့လာနိုင်သည်ကိုလည်း အထူးဂရုပြု ဆောင်ရွက်ရန်လိုပါကြောင်း၊ ယခုအချိန်အခါသည် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားနေသည့်အတွက် Coronavirus  Disease  2019  (COVID–19)  ကာကွယ်၊  ထိန်းချုပ်၊ ကုသရေး  အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်