စစ်တွေ ၂၉ စက်တင်ဘာ

ရခိုင်ပြည်နယ်၏ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြသည့် ကျန်းမာရေးဝန်ထမ်း Volunteer များအတွက် ဂုဏ်ပြုလွှာများ၊ အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းကို စက်တင်ဘာ ၂၉ ရက် နံနက် ၁၁ နာရီက စစ်တွေမြို့၊ ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ယခုကဲ့သို့ မွန်မြတ်သည့်အလုပ်များ ဆောင်ရွက်ပေးကြသော စေတနာ့ဝန်ထမ်းများကို ရခိုင်ပြည်သူများကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိအသက်ကို ပဓာနမထားဘဲ အခက်အခဲကို ကူညီရင်ဆိုင်ဖြေရှင်းရန် ရောက်ရှိလာကြပြီး စေတနာထား လုပ်ဆောင်ကြသည့်အတွက် ဂုဏ်ယူမိပါကြောင်း၊ ဆက်လက်၍ အများအကျိုးကို သယ်ပိုးနိုင်ကြပါစေကြောင်း ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာတို့က စေတနာ့ဝန်ထမ်း ၁၁၈ ဦးအတွက် ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ဆက်လက်ပြီး စေတနာ့ဝန်ထမ်းများက စုပေါင်းအလှူအဖြစ် စစ်တွေပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်း ၄၀၀ အတွက် ငွေကျပ် ၄၁၇၀၀၀ တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများ လှူဒါန်းရာ၊ စစ်တွေပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က လက်ခံခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(ပြန်/ဆက်)