စစ်ကိုင်း ၂၉ စက်တင်ဘာ
လှပသော စစ်ကိုင်မြို့ရှုခင်းနှင့်အတူ ဧရာဝတီမြစ်အလှရှုခင်းကို တဝကြီးကြည့်ရှုကာ စိတ်အေးချမ်းစွာ ဘုရားဖူးနိုင်သည့်နေရာကို ပြပါဆိုလျှင် နံကိုင်းတောင်ထိပ်မှ ကျန်စစ်သားမင်း၏ သမီးတော် ရွှေအိမ်စည်မင်းသမီး အထိန်းတော် ကြံသိုင်းအမတ် တည်ထားသည့် ရှင်ပင်နံကိုင်း ရန်အောင်မြင်စေတီကို ပြသရမည်ဖြစ်သည်။ နံကိုင်းတောင်တော်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပြီး စစ်ကိုင်းတောင် ၃၇ လုံးထဲတွင် တစ်ခုအပါအဝင် တောင်တစ်တောင်ပင်ဖြစ်သည်။
နံကိုင်းတောင်ထိပ်မှ ဘေးပတ်ဝန်းကျင် စစ်ကိုင်းအလှ စစ်ကိုင်းရသကို အပြည့်အဝခံစားကြည့်ရှုနိုင်ပြီး ဧရာဝတီမြစ်ကမ်းနံဘေးတွင် ရှိသည့်အတွက် နိုင်ငံတကာခရီးသွားဧည့်သည်များ အများစုလာရောက်သည့် တောင်ပင်ဖြစ်သည်။ စစ်ကိုင်းတောင် လာရောက်သူတိုင်း နံကိုင်းတောင်တော်ပေါ်ကို မရောက်သမျှ စစ်ကိုင်းရသကို အပြည့်အဝ မခံစားနိုင်ဟုပင် ညွှန်းဆိုထားသည်။ လက်ရှိကာလတွင် တံတားညီနောင် မြစ်ညီမဟု တင်စားထားသည့် ဧရာဝတီမြစ်အလှ ဒုဌဝတီမြစ်အလှ စစ်ကိုင်းတံတား (အင်းဝတံတား) ဧရာဝတီတံတား(ရတနာပုံ)တို့၏ အလှနှင့်အတူ ဧရာဝတီမြစ်အတွင်း စုန်ဆန်သွားလာနေသော လှေဖောင်သင်္ဘောများကို အနီးကပ်မြင်တွေ့နိုင်သော နေရာပင်ဖြစ်သည်။
ပတ်ဝန်းကျင်ရှုခင်းများကို လေ့လာကြည့်ရှုရင်း စစ်ကိုင်းရှိ ရွှေတိဂုံပုံတူစေတီ၊ မဟာမုနိပုံတူတို့ကို ဖူးမြော်နိုင်သည်။ နံကိုင်းတောင်မှာ စစ်ကိုင်းတွင် အထင်ကရတောင်ဖြစ်ပြီး စစ်ကိုင်းဟု အစပြုခေါ်ဝေါ်ခဲ့သည့် စစ်ပင်ရှိရာအရပ်၊ စစ်ပင်ဧရာဝတီမြစ်အတွင်း ကိုင်းနေခြင်းကို အစပြုကာ စစ်ကိုင်းဟုခေါ်တွင်ခဲ့ကြောင်း ဆိုထားသည်။ နံကိုင်းတောင်ထိပ်တွင် တန်ခိုးကြီးဆုတောင်းပြည့် ရှင်ပင်နံကိုင်းစေတီတစ်ဆူ ရှိသည်။ စေတီတော်မှာ ဉာဏ်တော် (၁၁၈)ပေရှိသည်။ စေတီတော်ကို သက္ကရာဇ် ၄၂၀ ပုဂံကျန်စစ်သားမင်း၏ သမီးတော် ရွှေအိမ်စည် အထိန်းတော်အမတ် ကြံသိုင်းကတည်ထားခဲ့ပြီး နံကိုင်းတောင်ထိပ်တွင် တည်ထားသည့်အတွက် ရှင်ပင်နံကိုင်းစေတီဟု ဘွဲ့တော်တွင့်ခဲ့သည်။ စေတီတော်ကို တောင်တက်ကားလမ်းအတိုင်း တက်ရောက်ဖူးမြော်နိုင်သည့်နည်းတူ စောင်းတန်းမှလည်း တက်ရောက်ဖူးမြော်နိုင်သည်။ စေတီတော်ကို မင်းအဆက်ဆက်ကပြုပြင်ခဲ့ပြီး ဧရာဝတီမြစ်အတွင်းမှ လှေဖောင်သမားများ အန္တရာယ်ကင်းစေရန် ဆုတောင်းအဓိဌာန်ပြုရာ စေတီပင်ဖြစ်ပြီး အန္တရာယ်ကင်းတိုင်း ရွှေတစ်ဆိုင်းချကာ ကုသိုလ်ပြုသည့်အတွက် ရှင်ပင်နံကိုင်း ရွှေတစ်ဆိုင်းဟု ဆိုကြသော စေတီပင်ဖြစ်သည်။ လက်ရှိကာလတွင် ရှင်ပင်နံကိုင်းတောင်မှာ စစ်ကိုင်းအလှ စစ်ကိုင်းရှုခင်းကို ကြည့်ရှုရာနေရာ၊ အနန္တ ဇိနရန်အောင် ကြေးသွန်းရုပ်ပွားတော်ကို ဖူးမြော်နိုင်သည့်နေရာ၊ သီတဂူရေအလှူတော်အသင်း အမှတ်(၁)ရေကန်တည်ရှိရာနေရာ၊ မဟာမုနိပုံတူ ဖူးမြော်နိုင်သည့်နေရာ၊ နိုင်ငံတကာခရီးသွားဧည့်သည်များ အများဆုံး လာရောက်သည့်နေရာအဖြစ် ထင်ရှားလျက်ရှိသည်။
တိမ်တမန်