အင်းဝ ၂၉ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အင်းဝဒေသမှ သရက်သီးဓားပေါက် (သရက်ချဉ်)များကို ခေတ်မီထုပ်ပိုးမှု စနစ်ဖြင့် ဒေသအနှံ့ နေ့စဉ်တင်ပို့ပေးလျက်ရှိရာ အဆင်ပြေလျက်ရှိကြောင်း အင်းဝမြို့ ဈေးချိုရပ်ကွက်ရှိ သရက်ချဉ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။

သိုလှောင်ထားသော သရက်ချဉ်များကို ခေတ်မီထုပ်ပိုးမှုစနစ်ဖြင့် တင်ပို့ရာတွင် ဖောက်သည်ပေးသည့်ဆိုင်နာမည်ပါ ပလတ်စတစ်အိတ်များကို စက်ဖြင့်ထုပ်ပိုးကာ တင်ပို့ပေးကြရသည်။ သရက်ချဉ်ထုပ်ပိုးရာတွင် တစ်ဆယ်ကျပ်သားထုပ်နှင့် ငါးဆယ်ကျပ်သားထုပ်များအဖြစ် ထုပ်ပိုးကာတင်ပို့ရသည်။

လက်ရှိကာလတွင် သရက်သီးဓားပေါက် (သရက်ချဉ်) တစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀ ကျပ်နှုန်းဖြင့် ရောင်းချရပြီး ရန်ကုန်၊ နေပြည်တော်နှင့် အခြားဒေသများသို့ တင်ပို့ပေးရသည်။

အင်းဝဒေသတွင် သရက်သီးချဉ်ဖက်ခုတ်သည့် လုပ်ငန်းကို မေလဆန်းပိုင်းမှ စတင်ပြီး အချဉ်ဖက်ပြုလုပ်ကြသည်။ သရက်သီးရာသီတွင် သရက်သီးပန်းဆွဲသီး တစ်တင်းလျှင် ငွေကျပ် ၄၅၀၀၊ အကြမ်းသီးတစ်တင်းလျှင် ငွေကျပ် ၄၀၀၀၊ ရင်ကွဲသီးတစ်တင်းလျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ဝယ်ယူကာ အချဉ်ဖက်လှီးကြရသည်။

သရက်ချဉ်ဖက်လှီးသည့် လုပ်ငန်းတစ်ခုလျှင် အနည်းဆုံး လူ ၆၀ ကျော် လုပ်ကိုင်ကြရသည်။ သရက်သီးတစ်ပိဿာကို အချဉ်ဖက်ပြုလုပ်ခြင်း ဒေသအခေါ် သရက်သီးဓါးပေါက်ပြုလုပ်ပါက ငါးဆယ်သားရရှိသည်။ သရက်သီးဓါးပေါက်လှီးပြီးပါက ရာဝင်စဉ့်အိုးများအတွင်းသွင်းကာ ဒေသအခေါ် (ဆားလှော) ဆားစိမ်ခြင်း ပြုလုပ်ရသည်။ (ဆားလှော)ဆားရည်ပြီး တစ်ရက်ခန့်အကြာတွင် သရက်ချဉ်အဝါရောင်သန်းလာပြီး မောင်းဖြင့်ဖိပေးရသည်။ ဒေသအခေါ် မောင်စင်တင်တစ်ညဖိသည်ဟု ခေါ်သည်။ မောင်းစင်တင်ပြီးသည်နှင့် သရက်ချည်ဖက် သိပ်ကာ စက်ဖြင့်ဖိနင်းပေးကြသည်။ သရက်ချဉ်ဖက်သိပ်သိုလှောင်ရာတွင် လေလုံအောင်ပြုလုပ်ပြီး သရက်ရာသီကုန်သည့်အခါမှသာ သရက်ချဉ်ကို ဈေးကွက်အတွင်း ရောင်းချကြသည်။

နှစ်စဉ် သြဂုတ်နှင့် စက်တင်ဘာလများတွင် ဒေသအနှံ့သို့ ဖြန့်ချိလေ့ရှိသည်။ လက်ရှိကာလတွင် အင်းဝဒေသမှ သရက်ချဉ်များကို ခေတ်မီထုပ်ပိုးမှုစနစ်ဖြင့် ဒေသအနှံ့ တင်ပို့ပေးနေရကြောင်း သရက်ချဉ်ဖက်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ရှင်းပြသည်။

တိမ်တမန်