ငဖဲ  ၃၀   စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ဧက ၇၆၂၇ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စပါးမျိုးကွဲအလိုက် စိုက်ဧကမှာ မနောသုခ (၃၁၂၇)ဧက၊ ဆင်းသုခ (၁၀၆၂)ဧက၊ ရတနာတိုး (၈၅၅)ဧက၊ ဧရာမင်း (၂၀၃၉) ဧက၊ ကောက်ညှင်း (၃၇)ဧကနှင့် တောင်ယာ (၅၀၇)ဧက စုစုပေါင်း (၇၆၂၇)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးကျော်လင်းထွန်းထံမှ သိရသည်။ ငဖဲမြို့နယ်တွင် ၂၀၁၉ ခုနှစ် မိုးစပါးဧက ၁၀၀၀၀ ကျော်စိုက် ပျိုးရန်လျာထားခဲ့ရာမှ စိုက်ဧက (၉၆၅၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းဧက ၉၆၅၄ ဧကတွင် တစ်ဧက အထွက်နှုန်း ၇၃ ဒသမ ၂၁ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

 

မိုးစပါးစိုက်ပျိုးရန်ရေကို အစိုးရဆည်များဖြစ်သော မန်းချောင်းရေလှောင်တမံဆည်မှ (၂၉၇၄) ဧက၊ ရင်းရှည်ရေလှောင်တမံဆည်မှ (၂၈၅)ဧက၊ ဆည်ငယ်၊ ကန်ငယ်များမှ (၃၇၄၃)ဧက၊ မိုးရေမှ (၁၁၈) ဧက နှင့် တောင်ယာစိုက်ဧက (၅၀၇) ဧကသို့ စိုက်ပျိုးရေရရှိပြီး စိုက်ပျိုးပြီးစီးခဲ့သည်။

 

ယခုနှစ် မိုးစပါးကို ယခင်နှစ်ကထက် ၂၀၂၇ ဧက စိုက်ပျိုးမှုလျော့နည်းသွားခြင်းသည် တောင်ယာ စပါးစိုက်ပျိုးမှုနှင့် မိုးရွာသွန်းမှုမှာ ယခင်နှစ်ကထက် လျော့နည်းလာခြင်း၊ ရင်းရှည်ရေလှောင်တမံနှင့် မိုးကောင်းသောက်လယ်များသို့ ဆည်ငယ်၊ ကန်ငယ်များမှ ရေဝင်ရောက်မှု နည်းပါးသောကြောင့် ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)