ရန်ကုန် ၃၀ စက်တင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မြို့နယ် (၈)မြို့နယ်၌ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လျာထားလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုများအား ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ မြို့နယ် (၈) မြို့နယ် ကိုကိုးကျွန်းမြို့နယ် အပါအဝင် ကျေးရွာအုပ်စု (၃၅၃)အုပ်စု၊ ကျေးရွာပေါင်း (၉၆၃)ရွာတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ပြည်ထောင်စု၊ တိုင်းဒေသကြီး ရန်ပုံငွေများဖြင့် တွင်းတိမ် ၂ တွင်း၊ တွင်းနက် ၁၆ တွင်း၊ ရေသန့်စင်စနစ် ၄ ခု၊ သောက်သုံးရေကန်များ ခြံစည်းရိုးကာရံခြင်း၊ မြေသားရေကန် အနက် တူးဖော်ခြင်းလုပ်ငန်း ၁၃၀ နှင့် ကျေးလက်ကုန်ထုတ်ဂဝံလမ်း ၈ လမ်း၊ Box Culvert ၁၃ စင်း၊ ကွန်ကရစ်တံတား ၁ စင်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ (၁၀) တွင် အရင်းမပျောက် လည်ပတ် ရန်ပုံငွေထုတ်ချေးပေးခြင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ရေးဆွဲခြင်း (VDP) အား ကျေးရွာ (၇၄) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ကိုဗစ်- ၁၉ ကူးစက်ရောဂါ အကျိုးဆက်သက်ရောက်ခြင်း ခံရသော ကျေးရွာလက်ဒေသနေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးစေရန် အတွက် Cash For Work (CFW) စီမံကိန်းကျေးရွာ (၆၂) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ကျေးလက်နေ လုပ်ကွက်ငယ်တောင်သူများ ထုတ်လုပ်ရောင်းချနေသူများအား သွင်းအားစု အရင်းအနှီးများ ရရှိစေရန်အတွက် ကျေးရွာမတည် စီမံကိန်း(Village Revolving Fund Project (VRFP) ကို ကျေးရွာ (၅၀) တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
သက်ခိုင်(သန်လျင်)