ချောင်းဦး ၃၀ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် တောကျောင်းကြီးကျေးရွာရှိ ဆင်ဖြူရှင်တံတားထိပ် မကွေးတိုင်းဒေသကြီးမှ ဝင်ရောက်လာသောကားများကို စစ်ဆေးနေသော ပူးပေါင်းစစ်ဆေးရေးဂိတ် ဖွင့်လှစ်စစ်ဆေးနေသကဲ့သို့ မုံရွာဘက်မှလာသော ကုန်တင်ကားများ စစ်ဆေးနိုင်စေရန် ခင်မွန်ရွာထိပ် မုံရွာ-မန္တလေး ကားလမ်းမပေါ်၌ စစ်ဆေးရေးဂိတ်တစ်ခု ဖွင့်လှစ်စစ်ဆေးခဲ့သည်။ အောက်တိုဘာ ၁ ရက်မှ စတင်ပြီး မုံရွာ-မန္တလေးကား လမ်းမကြီးပေါ်ရှိ ချောင်းဦးမြို့အဝင် ဂိတ်တစ်ခု ထပ်မံဖွင့်လှစ်ပြီး စစ်ဆေးသွားရန် စီစဉ်နေကြောင်း သိရသည်။
ယမန်နေ့ ညနေပိုင်းက ချောင်းဦးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်နှင့်အဖွဲ့သည် တိုင်းကျော်ဝင်ပေါက်ဖြစ်သည့် ဆင်ဖြူရှင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ပြီး ညပိုင်းစစ်ဆေးနေမှုကို ကြည့်ရှုကာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန် ၃ အိတ်နှင့် ဆီဘူးများ၊ နှာခေါင်းစည်းနှင့် ဆပ်ပြာများ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထောက်ပံ့သည့် တာဝန်ကျသူများအား ထမင်းနှင့် စားသောက်ဖွယ်ရာများ ကျွေးမွေးနိုင်စေရန် တစ်လစာ ငွေကျပ် (၈)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၂)ဦးရှိပြီး ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသပေးလျက်ရှိရာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။ မြို့ပေါ်နှင့် ကျေးရွာအုပ်စု(၃၂)အုပ်စုအတွင်း ကာကွယ်တားဆီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် နေသကဲ့သို့ မြို့အဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်စစ်ဆေးပြီး အထူးကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်ထံမှ သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)