မန္တလေး  ၃၀  စက်တင်ဘာ

           

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် အမရပူရမြို့နယ်တို့အား စက်တင်ဘာ ၂၆ ရက် နံနက် ၆ နာရီမှ စတင်ပြီး Stay at Home(နေအိမ်တွင်သာနေထိုင်ရန်) အမိန့်ထုတ်ပြန်ထားခဲ့သည်။

           

မန္တလေးခရိုင်မြို့နယ်များအတွင်း ဖြတ်သန်းသွားလာခွင့်ပြုထားသည့် လမ်းမကြီးများကိုလည်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကထုတ်ပြန်ပေးခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဈေးဝယ်ခွင့် ကတ်များနှင့် ဆေးရုံဆေးခန်းသွားလာခွင့် ကတ်များကိုလည်း ပေးအပ်ခဲ့သည်။ မန္တလေးခရိုင် Stay at Home (နေအိမ်တွင်သာ နေထိုင်ရန် သတ်မှတ်ထားသည့်မြို့နယ်လမ်းများတွင် စက်တင်ဘာ ၃၀ ရက်က မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ ဒေသအရန်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အသွားအလာ ကန့်သတ်စစ်ဆေးခြင်း၊ ပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

           

မန္တလေးမြို့တွင်း အရှေ့နောက်သွားလာရန် ၂၆ လမ်း၊ လမ်း ၃၀၊ ၃၅ လမ်း၊ သိပ္ပံလမ်းတို့အား လည်းကောင်း၊တောင်မြောက်သွားလာရန် ကမ်းနားလမ်း၊ ၈၄ လမ်း၊ လမ်း ၈၀၊ ၇၈ လမ်း၊ ၇၃ လမ်း၊ ၆၆ လမ်း၊ ၆၂ လမ်းနှင့် အရှေ့မြို့ပတ်လမ်းတို့အား ခွင့်ပြုပေးထားကြောင်း သိရသည်။                               

 

မောင်ပြည်သူ(မန္တလေး)