တောင်ကြီး  ၃၀  စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ ပါဝင်ကူညီဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းမှ ဆရာဝန်နှင့် ကျန်းမာရေးမှူး စုစုပေါင်း (၉)ဦးအား စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက တတိယအကြိမ် ထပ်မံစေလွှတ်ခဲ့ကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနလက်အောက်ရှိ ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော ရှမ်းပြည်နယ်တောင်ပိုင်းမှ ဆရာဝန်(၂)ဦးနှင့် ကျန်းမာရေးမှူး (၃)ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဆရာဝန် (၁) ဦးနှင့် ကျန်းမာရေးမှူး (၁) ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဆရာဝန် (၁) ဦးနှင့် ကျန်းမာရေးမှူး (၁) ဦး စုစုပေါင်း (၉) ဦးကို ရန်ကုန်တိုင်းဒေသကြီးသို့ ထပ်မံစေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါ်သူဇာချစ်တင် ထံမှ သိရှိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့နှင့် ၂၈ ရက်နေ့များတွင်လည်း ရှမ်းပြည်နယ်မှ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း သူနာပြု စုစုပေါင်း ၄၀ ကို ပို့ဆောင်ခဲ့ပြီး ဖြစ်သည့်အတွက် ယနေ့ အပါအဝင် ရန်ကုန်တိုင်းဒေသကြီးသို့ ပို့ဆောင်ပေးသည့် ကျန်းမာရေး ဝန်ထမ်း စုစုပေါင်း (၄၉) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးသို့ စေတနာ့ ဝန်ထမ်းအဖြစ် သွားရောက်တာဝန်ထမ်းဆောင်သည့် ဆရာဝန်၊ ကျန်းမာရေးမှူးနှင့် သူနာပြုများအား ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဆေးရုံများမှ ထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

#MRTV