မန္တလေး  ၁  အောက်တိုဘာ

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများအား နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို အောင်မြေသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကပ်ထားကြေညာထားကြောင်း သိရသည်။

 

အဆိုပါမဲဆန္ဒရှင်များ စာရင်းကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၄ ရက်ထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် နောက်ဆုံး အကြိမ်အဖြစ် ကပ်ထားကြေညာ ထားမည်ဖြစ်ပြီး မဲဆန္ဒရှင် ပြည်သူများက မဲစာရင်းကို လာရောက်ကြည့်ရှုစစ်ဆေး၍ မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အ လက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး လိုအပ်သည့် ပုံစံများကိုလည်း ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့ ရယူနိုင်ကြောင်း သိရသည်။

 

အဆိုပါမဲဆန္ဒရှင်များ စာရင်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၄ ရက်ထိ ပထမအကြိမ် ကပ်ထားကြေညာခဲ့ပြီး ယခုအကြိမ် ကပ်ထားကြေညာခြင်းမှာ နောက်ဆုံးကပ်ထား ကြေညာပေးခြင်း ဖြစ်ရာ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲနေ့တွင် လွယ်ကူစွာ မဲပေးနိုင်ရေးအတွက် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး လာရောက်ကြည့်ရှုကြစေရန်နှင့် မိမိနှင့်မိသားစုတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားခြင်းဖြင့် ရွေးကောက်ပွဲနေ့ မဲရုံတွင် မဲလက်မှတ်ထုတ်ယူရာ၌ အချိန်ကုန်သက်သာစေရေး ပူးပေါင်းကူညီ ဆောင်ရွက်ပေး‌စေလိုကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင် ပြည်သူများသို့ မေတ္တာရပ်ခံ အသိပေး ကြေညာထားသည်။

 

အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်‌နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ အောင်မြေသာစံမြို့နယ်၌ မဲရုံပေါင်း(၉၂)ရုံ လျာထားသတ်မှတ်ထားပြီး မဲဆန္ဒရှင်ဦးရေ ကျား (၈၁၈၄၆) ဦးနှင့် မ (၉၇၅၆၈) ဦး၊ စုစုပေါင်း (၁၇၉၄၁၄) ဦး တို့နှင့် ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင်ဦးရေ ကျား (၃၉၉) ဦး၊ မ (၆၂၅) ဦး၊ စုစုပေါင်း(၁၀၂၄) ဦး ရှိကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)