လေးမျက်နှာ ၁ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် အသက် ၈၀ နှစ်ပြည့်ပြီး ၈၅ နှစ် မပြည့်သေးသည့် သက်ကြီးဘိုးဘွားများနှင့် ၈၅ နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ကာလ ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် ထောက်ပံ့ငွေပေးအပ်ရာ၌ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျကြပ်မတ် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းနှင့် လူမှု့ဝန်ထမ်းဦးစီးဌာနမြို့နယ် ဦးစီးမှူး ဒေါ်စန်းစန်းဝင်းတို့မှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် သက်ဆိုင်ရာ သက်ကြီး ဘိုးဘွားများသို့ ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ်အတွင်းရှိ အသက် ၈၀ နှစ်ပြည့်ပြီး ၈၅ နှစ် မပြည့်သေးသည့် သက်ကြီး ဘိုးဘွား (၁၀၂၇)ဦး အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေ (၃၀၈၁၀၀၀၀) ကျပ်နှင့် အသက် ၈၅ နှစ် အထက် ဘိုးဘွား (၄၈)ဦး အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေ(၁၄၄၀၀၀၀) ကျပ်ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
ကျော်ဟိန်း(လေးမျက်နှာ)