မြိတ် ၁ အောက်တိုဘာ
တနင်္သာရီတိုင်ဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ သာရမဲကျေးရွာနှင့်ပြင်းငယ် ကျေးရွာအုပ်စု၊ ရှောင်ထဲကျေးရွာတို့ကို ဆက်သွယ်သွားလာနိုင်မည့် သာရမဲ-ရှောင်ထဲ ကျေးရွာချင်းဆက် ရေဇင်းချောင်းတံတား တည်ဆောက်နေမှုမှာ လက်ရှိတွင်(၃၈) ရာခိုင်နှုန်းခန့် ပြီးစီးနေကြောင်း တံတားအထူးဖွဲ့ ၁၃ (မြိတ်) ထံမှသိရသည်။
သာရမဲ - ရှောင်ထဲကျေးရွာချင်းဆက် ရေဇင်းချောင်းတံတား၏ ပေအရှည်မှာ (၄၈၀)ပေရှိပြီး ယာဉ်သွားလမ်း အကျယ် (၂၄)ပေရှိကာ လူသွားလမ်းအကျယ် တစ်ဖက်(၃)ပေစီ၊ နှစ်ဖက်ပါရှိပြီး ရေလမ်းကင်းလွတ်အကျယ် မှာ (၁၀၄)ပေနှင့် ရေလမ်းကင်းလွတ်အမြင့် ၃ မီတာ (၉ ဒသမ ၈၄၃)ပေဖြင့် တည်ဆောက်လျက်ရှိရာ တံတား၏ ခံနိုင်ဝန်မှာ (၇၅)တန် ခံနိုင်ဝန်ရှိကြောင်း၊ တံတားကို Bored Pile အုတ်မြစ်၊ သံကူကွန်ကရစ် ကိုယ်ထည်၊ သံကူကွန်ကရစ် ရက်မ+သံမဏိရက်မ(Plate Girder)+ သံကူကွန်ကရစ်ကြမ်းခင်း အပေါ်ထည် အမျိုးအစားဖြင့် တည်ဆောက်လျက်ရှိကြောင်း တံတားအထူးဖွဲ့ (၁၃) (မြိတ်)မှ သိရသည်။
အဆိုပါ ရေဇင်းချောင်းတံတား၏ စီမံကိန်းခန့်မှန်းတန်ဘိုးငွေမှာငွေကျပ်သန်း (၂၂၂၀ ဒသမ ၀၀)(ချဉ်းကပ်လမ်းမပါ)ဖြင့် တည်ဆောက်လျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်အထိ ရရှိရန်ပုံငွေမှာ တနင်္သာရီတိုင်းဒေသကြီး ရန်ပုံငွေကျပ်သန်း(၃၀၀ ဒသမ ၀၀)ဖြင့်လည်ကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး ရန်ပုံငွေ ကျပ်သန်း (၅၀၀ ဒသမ ၀၀)ဖြင့် လည်းကောင်း တည် ဆောက်လျက်ရှိပြီး ယင်းတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးဖွဲ့(၁၃) (မြိတ်)မှ ဒုတိယညွန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ကျော်ဝင်းက တာဝန်ယူ၍ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်တည်ဆောက် လျက်ရှိကြောင်း တံတားအထူးဖွဲ့(၁၃) (မြိတ်)မှ ဒုတိယညွန်ကြားရေးမှူး (မြို့ပြ)ဦးကျော်ကျော်ဝင်းထံမှ သိရသည်။
"ဒီတံတားကြီး ပြီးသွားရင်အသွားအလာ ပိုအဆင်ပြေလာမယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး မြန်ဆန် တိုးတက်လာနိုင်မယ်။ ပုစွန်၊ ငါး၊ ငပိ၊ ဓနိဖက်၊ စတဲ့ ထွက်ကုန်တွေမြို့ပေါ်ကို အလွယ်တကူ တင်ပို့နိုင်မယ်။ အရင်ကဆိုဒေသအခေါ် လက်ကုတ်လှေ(လှော်လှေ)နဲ့ ရေချိန်အ တက်အကျ ကြည့်ပြီးမှ သွားလို့ရပါတယ်။ ကျန်းမာရေး မကောင်းရင် မြိတ်မြို့ကို ရေလမ်းခရီးနဲ့ ၁ နာရီခန့် သွားရတယ်။ ရေကျချိန်ဆိုရင် အချိန်ပိုနှောက်နှေးသွားပါတယ်။ ဒီတံတားပြီးရင်တော့ တက္ကသိုလ်တက်တဲ့ ကလေးတွေ အဆောင်ငှားခ သက်သာမယ်။ ကိုယ့်အိမ်ကနေ ကျောင်းတက်လို့ရတော့ ပိုအဆင်ပြေသွားပါတယ် " ဟု ပြင်းငယ်ကျေးရွာမှ အသက် ၄၀ ဝန်းကျင်ခန့်ရှိ အမျိုးသား တစ်ဦးက ပြောဆိုသည်။
ယင်းသာရမဲ - ရှောင်ထဲ ကျေးရွာချင်းဆက် တံတားပြီးစီးသွားပါက စန္ဒဝတ်ကျေးရွာအုပ်ရှိ သာရမဲကျေးရွာနှင့် ပြင်းငယ်အုပ်စုအတွင်းရှိ ရှောင်ထဲ၊ ကျောင်းတောင်၊ ဆံလှတောင်၊ ရင်အုံ၊ မော်တောင်နှင့် ပြင်းငယ်စသည့် ကျေးရွာများသို့ ရာသီမရွေး အလွယ်တကူ အဆင်ပြေစွာ ဆက်သွယ်သွားလာနိုင်မည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးတို့အတွက် များစွာအထောက်အကူ ရရှိစေမှာဖြစ်ကြောင်းနှင့် အဆိုပါ ကျေးရွာများမှ ထွက်ရှိသော ရေထွက် ပစ္စည်းများ၊ စပါးနှင့် ဥယျာဉ်ခြံထွက် ပစ္စည်းများကို မြို့ပေါ်ဈေးကွက် အတွင်းအချိန်တိုအတွင်း လျှင်မြန်စွာ ပို့ဆောင်နိုင်မည်ဖြစ်ပြီး၊ ယခင်က တံတားမရှိသဖြင့် ရေလမ်းခရီးကို အဓိကထား သွားလာနေရသောကြောင့် ၎င်းကျေးရွာများမှ ဒေသခံများ၏ ခြံထွက်သီးနှံများ၊ ကုန်စည်များ သယ်ယူပို့ဆောင်မှုများ အခက်အခဲများစွာ ဖြစ်ပေါ်နေသကဲ့သို့ ကျန်းမာရေးပညာရေးနှင့် လူမှုရေး ကိစ္စများတွင်လည်း များစွာအခက်အခဲ ရှိနေကြောင်း အဆိုပါကျေးရွာနေ ဒေသခံများထံမှ သိရသည်။
မြင့်ဦး(မြိတ်)