လှိုင်းဘွဲ ၁ အောက်တိုဘာ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွမ်ဘီကျေးရွာတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်အထွေထွေရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးမန်းကျော်ဝင်းမော်နှင့် အဖွဲ့ဝင်များက မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများ အကျယ်တဝင့် သိရှိနိုင်စေရန်အတွက် သတ်မှတ်ချက်အတိုင်း လိုက်လံနှိုးဆော်ပေးရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

 

လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲရုံပေါင်း(၁၇၆)ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၂၃၆၆၀၀) ဦးရှိကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)