မန္တလေး ၁ အောက်တိုဘာ
မွေးစမှ (၁)နှစ်ခွဲထိ ရင်သွေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ လမ်း၂၀ နှင့် ၈၂ လမ်းထောင့်ရှိ တဝဂူဘုရားအတွင်း၌ ပြုလုပ်သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက် ကျန်းမာရေးတာဝန်ခံ ဒေါ်အေးမြင့်ရည်နှင့် ဝန်ထမ်းများ၊ ရပ်ကွက် မိခင်နှင့်ကလေး စောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုနှင့် ရာအိမ်မှူးများက စုပေါင်း၍ ရပ်ကွက်အတွင်းရှိ မွေးစမှ အသက်(၁)နှစ်ခွဲရှိ ကလေးငယ်(၄၅)ဦးကို ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်(၄)ဦးအား ကာကွယ်ဆေး ထိုးပေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)