တာချီလိတ် ၁ အောက်တိုဘာ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း စသည့်မြို့နယ် သုံးမြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ ၌ ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်အစိုးရ ရန်ပုံငွေတို့ဖြင့် ကျေးလက် ရေရရှိရေး လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလပိုင်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
တာချီလိတ်ခရိုင်အတွင်း ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်အစိုးရ ရန်ပုံငွေတို့ဖြင့် မိုင်းဖြတ်၊ မိုင်းယောင်း စသည့်မြို့နယ် သုံးမြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ ၌ ပြည်ထောင်စု ရန်ပုံငွေကျပ် ၃၀၀ ဒသမ ၇၄ သန်း၊ ပြည်နယ်အစိုးရန်ပုံငွေကျပ် ၂၈၆ ဒသမ ၅၃ သန်း စုစုပေါင်း ၅၈၇ ဒသမ ၂၇ သန်းဖြင့် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း ၁၃ ခု၊ အခြားရေရရှိရေးလုပ်ငန်း ၁၁ ခုကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း တာချီလိတ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း ပြောပြချက်အရ သိရသည်။
“ကျွန်တော်တို့ ခရိုင်တွင်းမှာရှိတဲ့ ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေ ဖူလုံစွာရရှိဖို့ သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတွေနဲ့ ဦးစားပေးအလိုက် ရွေးချယ်ပြီး ဆောင်ရွက်လျက် ရှိပါတယ်။ ပြည်တွင်း ပြည်ပ NGOs/ INGOs အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက အလှူရှင်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ကျေးရွာတွေအနေနဲ့ သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်ပါက ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး တင်ပြတောင်းခံနိုင်တယ်လို့” ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းက ဆက်လက်ပြောပြ၍ သိရသည်။
တာချီလိတ်ခရိုင်အတွင်း ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင်လည်း ကျေးလက်နေပြည်သူများ သောက်သုံးရေ ရရှိရေး ကျေးလက်ရေပေးရေး လုပ်ငန်း ၂၈ ခုကို ငွေကျပ် ၆၃၇ ဒသမ ၂၉ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ကိုစိုင်း(ကျေးလက်)