လေရှီး ၁ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ်ရှစ်ခုဖြင့် ထပ်မံတိုးမြှင့်စစ်ဆေးလျက်ရှိပါကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်မြင့် က ပြောကြားသည်။
အဆိုပါ စစ်ဆေးရေးဂိတ် ရှစ်ခုအနက် အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား စစ်ဆေးရန်ထားရှိသည့် ဂိတ်များမှာ ချယ်ရာကျေးရွာတွင် စစ်ဆေးရေးဂိတ်တစ်ခု၊ ဟိန်ကွတ်ကျေးရွာတွင် စစ်ဆေးရေးဂိတ်တစ်ခု၊ ပန်ဆပ် ကျေးရွာ စစ်ဆေးရေးဂိတ်တစ်ခုနှင့် ဆွမ္မရာမြို့တွင် စစ်ဆေးရေးဂိတ် တစ်ခု စုစုပေါင်း လေးခုဖြင့်လည်းကောင်း၊ အခြားမြို့နယ်များမှ ဝင်ရောက်လာသူများအား စစ်ဆေးရန်အတွက် ရန်နွေးကျေးရွာတွင် စစ်ဆေးရေးဂိတ်တစ်ခုနှင့် လေရှီးမြို့ပေါ်တွင် စစ်ဆေးရေးဂိတ်သုံးခုဖြင့် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်းတပ်ခြင်းမရှိပါက နှာခေါင်စည်းများအခမဲ့ပေးဝေခြင်း၊ လက်ဆေးခြင်းတို့ကို ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်မြင့်က ဆက်လက်ပြောကြားသည်။
မွှေးကြူဇင်