ရန်ကုန် ၁ အောက်တိုဘာ
မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူကမ္ဘာသားများ ကိုဗစ်-၁၉ ကပ်ရောဂါဘေး ကင်းဝေးစေရေးအတွက် ၁၃၈၂ ခုနှစ်၊တော်သလင်းလပြည့်နေ့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူ သိမ်တော်ကြီး၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ သန်လျင် မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး ၁၅ ပါးတို့သည် အန္တရာယ်ကင်းပရိတ် တရားတော်များ၊ အနန္တရာယိက အန္တရာယ်ကင်းကမ္မဝါစာများ ရွတ်ဖတ် ပူဇော်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများက ရတနသုတ်၊ မေတ္တသုတ်၊ ခန္ဓသုတ်၊ ဝဋ္ဋသုတ်၊ အာဋာနာဋိယသုတ်၊ ဗောဇ္ဈင်္ဂသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တော် နှင့် အနန္တရာယိက အန္တရာယ်ကင်းကမ္မဝါစာများကို ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူသည်။
ထို့အတူ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးတွင် ၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် စက်တင်ဘာ ၁၇ ရက်ကလည်း သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာနာယကကျောင်းဆောင်တွင် ဝါဆိုဝါကပ်သီတင်းသုံး သာသနာ့ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီး ၁၅ ပါးတို့ က အန္တရာယ်ကင်းပရိတ်တရားတော်များ၊ အနန္တ ရာယိက အန္တရာယ်ကင်း ကမ္မဝါစာများ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
အဆိုပါ ပရိတ်တရားတော်များ၊ ပဋ္ဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်ပွဲတွင် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက ဥပတ္ထမ္ဘကအဖြစ် တက်ရောက် နာယူကြည်ညိုခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


