၁ အောက်တိုဘာ
အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ယူဇဂန်ပြည်နယ်တွင် တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ တာလီဘန်စစ်သွေးကြွ ၂၁ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။
လက်နက်ခဲယမ်းများနှင့်သေနတ်များကိုင်ဆောင်ထားသော စစ်သွေးကြွများသည် လုံခြုံရေးတပ်ဖွဲ့များနှင့် ပြီးခဲ့သည့် အင်္ဂါနေ့ကတိုက်ခိုက်မှုများပြန်လည်ဖြစ်ပွားခဲ့သည်။
မြေပြင်တပ်ဖွဲ့များက စစ်သွေးကြွများကို ပြန်လည်တိုက်ခိုက်နေစဉ် အာဖဂန်လေကြောင်းတပ်ဖွဲ့ကလည်း စစ်သွေးကြွများကို တိုက်ခိုက်ခဲ့ကြသည်ဟု ပြောရေးဆိုခွင့်ရှိသူ အာမက်ဆာဟေးက သတင်းထောက်များကို ပြောကြားခဲ့သည်။
အင်္ဂါနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အရပ်သားနှင့်လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်သေဆုံးမှုမရှိဟု ထိုတာဝန်ရှိသူက ဆိုသည်။
မကြာသေးမီသီတင်းပတ်များအတွင်း အာဖဂန်နစ္စတန်နိုင်ငံ၏မြို့တော် ကဘူးလ်၏ အနောက်တောင်ဘက် ၃၇၀ ကီလိုမီတာအကွာရှိ ထိုပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တာလီဘန်စစ်သွေးကြွများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။
တာလီဘန်စစ်သွေးကြွများသည် ကာတာပင်လယ်ကွေ့ပြည်နယ်၏ မြို့တော် ဒိုဟာတွင် အာဖဂန်အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် တာလီဘန်ကိုယ်စားလှယ်များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေစဉ် ၎င်းတို့၏ရပ်တည်ချက်ခိုင်မာစေရန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်းရှိ ခရိုင်နှင့်မြို့ငယ်များကို သိမ်းပိုက်ရန် ကြိုးစားနေကြသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို