မြိတ် ၁ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲတပ်ဖွဲ့ဝင် (၅၇၇) ဦးခန့်အပ်ပြီး ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့မှစ၍ မြို့နယ်အလိုက် အထူးရဲသင်တန်းများ စတင်ဖွင့်လှစ်လျက်ရှိသည်။
“မဲပေးတဲ့နေ့မှာ မဲပေးတဲ့လုပ်ငန်းအောင်မြင်စွာ ပြီးဆုံးသွားအောင်၊ အဟန့်အတား အနှောက်အယှက်မရှိအောင် အထူးရဲတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးတာပါ။ မြိတ်ခရိုင်မှာ အထူးရဲတပ်ဖွဲ့ဝင် (၅၇၇)ဦး ခန့်ထားပါတယ်။ အောက်တိုဘာ ၁ ရက်ကနေ ၂၈ ရက်အထိ သင်တန်းပို့ချပေးမှာ ဖြစ်ပါတယ်။ သင်ကြားမယ့် ဘာသာရပ်တွေကတော့ ရဲလုပ်ငန်းတွေအပြင် သိသင့်သိထိုက်တဲ့ ဉပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဉပဒေတွေ သင်ကြားပို့ချပေးမှာ ဖြစ်ပါတယ်။ သူတို့ကို သင်တန်းကာလမှာ ပြည့်စုံအောင် ပို့ချပေးသွားပြီး ရွေးကောက်ပွဲကိုအောင်မြင်စွာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီ ဒုတိယရဲမှူးကြီး ကျော်မိုးသက် က ပြောသည်။
မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်ရန်အတွက် မြိတ်မြို့နယ်တွင် (၂၂၇)ဦး၊ ကျွန်းစုမြို့နယ်တွင် (၁၆၃)ဦး၊ ပုလောမြို့နယ် တွင် (၈၉) ဦး၊ တနင်္သာရီတွင် (၉၈) ဦး စုစုပေါင်း မြိတ်ခရိုင် အထူးရဲတပ်ဖွဲ့ဝင် (၅၇၇) ဦးခန့်ထားပြီး မြို့နယ်အလိုက် အထူးရဲသင်တန်းများကို စတင်ဖွင့်လှစ် လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
“ပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ မဲပေးနိုင်ရေးအတွက် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးမယ့် ရည်ရွယ်ချက်နဲ့ အထူးရဲကို ဝင်ရခြင်းဖြစ်ပါတယ်။ အထူးရဲနဲ့ ပတ်သက်တာတော့ (၂၀၁၅)တုန်းက လုပ်ခဲ့ဖူးပါပြီ။ အခုက ဒုတိယအကြိမ် ဖြစ်ပါတယ်။ သင်တန်းပို့ချမယ့်ဆရာတွေရဲ့ လမ်းညွှန်ချက်အတိုင်းလိုက်နာပြီး တာဝန်ကျမယ့်မဲရုံမှာ အထူးရဲတစ်ဦး တာဝန်ကိုလည်း သင်ပေးတဲ့အတိုင်း လိုက်နာဆောင်ရွက်ပါ့မယ်” ဟု အထူးရဲသင်တန်း တက်ရောက်သူ ဦးခင်မောင်ထွေးက သင်တန်းတက်ရသည့် ရည်ရွယ်ချက်ကို ပြောသည်။
မြိတ်မြို့နယ်၌ အထူးရဲသင်တန်းများကို မြိတ်ခရိုင်ရဲတပ်ဖွဲ့ သင်တန်းကျောင်း (အဒွင်းကျေးရွာ)နှင့် အထက်တန်းကျောင်း ငါးကျောင်းတွင် ဖွင့်လှစ်လျက်ရှိရာ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက အထူးရဲတပ်ဖွဲ့ဝင် သင်တန်းသားများအားတွေ့ဆုံ၍ သင်ခန်းစာများကို စနစ်တကျ သင်ကြားလေ့ကျင့်ကြရန် မှာကြားခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ်ခရိုင် ပြန်/ဆက် )